Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ပွင့်ဖြူမြို့နယ်၌ ယူရီးယားမြေသြဇာများ ဖြန့်ဖြူးရောင်းချပေးမှု ကွင်းဆင်းစစ်ဆေး

21 June 22

ပွင့်ဖြူ ဇွန် ၂၁

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ တောင်သူများကို ဈေးနှုန်းသက်သာစွာဖြင့် ယူရီးယားမြေဩဇာ ဖြန့်ဖြူးရောင်းချနေမှုအခြေအနေများကို ဇွန်လ ၂၁ ရက်နေ့ နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး နှင့် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထို့သို့ ကွင်းဆင်းစစ်ဆေးရာတွင် မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးစိုးမောင်၊ ပွင့်ဖြူမြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်နှင့် တာဝန်ရှိသူများက ပွင့်ဖြူမြို့နယ် အတွင်းရှိ ကျေးရွာအုပ်စု လယ်ယာမြေစီခန့်ခွဲရေးအဖွဲ့ကို မြေဩဇာဝယ်ယူခွင့်လက်မှတ်များ ဖြန့်ဝေပေးခဲ့ပြီး ရွှေဩဇာ စိုက်ပျိုးရေးဆေးနှင့် ဓါတ်မြေဩဇာအရောင်းဆိုင်တွင် ယူရီးယားဓာတ်မြေသြဇာများ ရောက်ရှိနေမှုအခြေ အနေကို ကြည့်ရှုစစ်ဆေးပြီး တိုင်းဒေသကြီးဦးစီးမှူးက ဓာတ်မြေသြဇာအရောင်းကိုယ်စားလှယ်များနှင့် တွေ့ဆုံကာ တောင်သူလယ်သမားများလက်ဝယ် စိုက်ပျိုးချိန်အမီ ရောင်းချပေးနိုင်ရေး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း မှာကြား ခဲ့ပါသည်။

ကျေးလက်ဒေသဖွံ့ဖြိုးရေးတိုးတက်ရေးဦးစီးဌာနက မိုးစပါး၊ နေကြာအပါအဝင် ဆီထွက်သီးနှံများ အမှန် တကယ်စိုက်ပျိုးမည့် တောင်သူများ၊ စိုက်ပျိုးစရိတ်ချေးငွေပုံမှန်ပြန်လည်ပေးဆပ်သည့် တောင်သူများကို ဦးစားပေး ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း၊ ကျေးလက်နေတောင်သူများ အရည်အသွေးပြည့်မီသော ယူရီးယားမြေသြဇာ များကို စိုက်ပျိုးချိန်အမီ ဝယ်ယူအသုံးပြုနိုင်ရေးအတွက် မြို့နယ်အတွင်းရှိ ကျေးရွာလယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့ များထံ မြေဩဇာဝယ်ယူခွင့် လက်မှတ်များထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း၊ မကွေးတိုင်းဒေသကြီးအတွင်း တောင်တွင်းကြီး၊ ရေနံချောင်း၊ ချောက်၊ နတ်မောက်၊ မြို့သစ်၊ မင်းဘူး၊ စလင်း၊ ပွင့်ဖြူ၊ ငဖဲ၊ သရက်၊ ကံမ၊ မင်းလှ၊ ဆင်ပေါင်ဝဲနှင့် ဆိပ်ဖြူမြို့နယ်တို့တွင် ကျေးလက်နေတောင်သူများ အရည်အသွေးပြည့်မီသော ယူရီးယားဓာတ်မြေသြဇာများကို စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူရရှိနိုင်မည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးစိုးမောင် ထံက သိရသည်။

မယ်သင်း