Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

တောင်သူများအတွက် ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေရရှိရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှု ကွင်းဆင်းကြည့်ရှု

21 June 22

ငဖဲ ဇွန် ၂၀

မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်၊ ချင်းစုရပ်တွင် ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေရရှိရေးလုပ်ငန်း ဆောင်ရွက် ထားရှိမှုအခြေအနေကို ဇွန်လ ၂၀ ရက်နေ့ နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထို့သို့ ကွင်းဆင်းစစ်ဆေးရာတွင် ငဖဲမြို့နယ် ချင်းစုရပ်တွင် တိုင်းဒေသကြီးအစိုးရရန်ပုံငွေဖြင့် ဆောင်ရွက် ထားသည့် ဆိုလာစနစ် စိုက်ပျိုးရေရရှိရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုကို မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးစိုးမောင်၊ ဦးစီးအရာရှိ (နည်းပညာ) ဒေါ်ဖြိုးပြည့်စုံဟိန်းနှင့် ငဖဲမြို့နယ်ဦးစီးမှူး ဒေါ်ဝိုင်းယုမော်နှင့် တာဝန်ရှိသူများက ဒေသခံတောင်သူများနှင့် တွေ့ဆုံကာ ရာသီအလိုက် စိုက်ပျိုးရေးဆောင်ရွက်မှုအခြေအနေ၊ စိုက်ပျိုးရေရရှိရေးအတွက် ဆိုလာစနစ်အသုံးပြုခြင်းကြောင့် ရရှိလာသည့် အကျိုးအမြတ်များ မေးမြန်းခြင်း ကျေးရွာတောင်သူများမှ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း၊ ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေရရှိရေးလုပ်ငန်း ရေရှည်အသုံးပြုနိုင်ရေး ထိန်းသိမ်းဆောင်ရွက် ကြရန် ဆွေးနွေးမှာကြားခဲ့သည်။

မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်၊ ချင်းစုရပ် ဆိုလာဖြင့် စိုက်ပျိုးရေရရှိရေးလုပ်ငန်းကို တောင်သူ (၁၇)ဦး၏ လယ်မြေဧက (၂၀)ကျော်တွင် စပါး၊ နှမ်း၊ သခွား၊ ဖရုံ၊ ဗူး၊ ပဲတောင့်ရှည်၊ ခဝဲသီး၊ ပဲရှည်သီး၊ ငရုပ်၊ ရွှေဖရုံ၊ နံနံပင်၊ ဘုရားပန်းအမျိုးမျိုးတို့ကို ဆိုလာဖြင့် ရေသွင်းစိုက်ပျိုးလျက်ရှိပါကြောင်း၊ ကိုင်းသီးနှံစိုက်ပျိုးသည့် ဧက (၃)ဧက ကျော်အတွက် ဆိုလာစနစ်အား တစ်နှစ်ပတ်လုံး ရေသုံးစွဲစိုက်ပျိုးလျက်ရှိပြီး စပါးသီးနှံ (၁၇)ဧကအတွက် ဖြည့်စွက် ရေအဖြစ် အသုံးပြုလျက်ရှိကြောင်း၊ ၃၄၀ ဝပ် ဆိုလာ (၈)ချပ် အသုံးပြု၍ စိုက်ပျိုးရေရရှိရေးလုပ်ငန်း ဆောင်ရွက် ပြီးစီးမှုကြောင့် ကိုင်းသီးနှံစိုက်ပျိုးသော တောင်သူများသည် ယခင် ဆည်ရေပြတ်ချိန် (၃)လအတွက် ရေသွင်းစိုက်ပျိုး ရသည့် စက်သုံးဆီကုန်ကျစရိတ်များ သက်သာလျက်ရှိကြောင်း၊ စပါးစိုက်ပျိုးသည့် တောင်သူများအတွက်လည်း မိုးများသည့်ကာလများအတွက် ဖြည်စွက်ရေအဖြစ် အသုံးပြုနိုင်ပြီး မိုးနည်းသည့်ကာလများအတွက် ဆိုလာဖြင့် စိုက်ပျိုးရေအလုံအလောက် ရရှိနိုင်မည်ဖြစ်ပါကြောင်း တောင်သူများမှ တင်ပြချက်အရ သိရသည်။

မယ်သင်း