မကွေး ဇွန် ၁၈
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြား စီးပွားရေးလုပ်ငန်းများ၏ ထုတ်ကုန်၊ ထွက်ကုန်များကို ရာသီမရွေး ဈေးကွက်သို့ အလွယ်တကူသယ်ယူပို့ဆောင်နိုင်ရန် ရည်ရွယ်၍ ၂၀၂၂-၂၀၂၃ခုဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်သည့် မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ ကန်ရေလေးကျေးရွာ ကုန်ထုတ်လမ်းဆောင်ရွက်နေမှုအခြေအနေများအား မကွေးတိုင်းဒေသကြီးဦးစီးမှူးနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ ကွင်းဆင်းကြီးကြပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းကြီးကြပ်ရာတွင် မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူး ဦးစိုးမောင်၊ မြို့နယ်အဆင့် တာဝန်ရှိများက ကန်ရေလေးကျေးရွာ ကုန်ထုတ်လမ်းဆောင်ရွက်နေမှု ကွင်းဆင်းကြီးကြပ် ခဲ့ရာ တာ၀န်ယူဆောင်ရွက်သော သက်ဆိုင်ရာကုမ္ပဏီ၊ တာ၀န်ခံအင်ဂျင်နီယာမှ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက် ဆောင်ရွက်သွားမည့် အစီအစဉ်များအား ရှင်းလင်းတင်ပြခဲ့မှုအပေါ် တိုင်းဒေသကြီးဦးစီးမှူးက လိုအပ်သည်များဖြည့်စွက် အကြံပြုမှာကြားခဲ့ကြောင်း သိရသည်။
၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ်၌ ချောက်မြို့နယ်အတွင်း ကန်ရေလေးကျေးရွာ၌ အရှည် ၃၃၀၀ ပေ ၊ အကျယ် ၁၂ ပေ၊ အမြင့် ကျောက်ရောမြေ တစ်ပေ ထု၊ မြေနီကျောက်စရစ် ကိုးလက်မ ထုခင်းခြင်းလုပ်ငန်းကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေကျပ် ၁၇ ဒဿမ ၇ သန်းဖြင့် တင်ဒါခေါ်ယူ ဆောင်ရွက်ခဲ့ရာ တင်ဒါအောင်မြင်သည့် စွမ်းထက်ပြည့်ကုမ္ပဏီက လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
အဆိုပါ ကန်ရေလေးကျေးရွာ ကျေးလက်ကုန်ထုတ်လမ်း ဆောင်ရွက်နိုင်မှုကြောင့် ကျေးရွာရှိ လယ်မြေဧက ၅၅၀ ဧက အကျိုးပြုနိုင်မှာဖြစ်ပြီး အဆိုပါလယ်ယာများမှ ထွက်ရှိသော လယ်ယာထွက်ကုန်တွေကို ကုန်ကျစရိတ် သက်သာစွာ အလွယ်တကူ သယ်ယူပို့ဆောင်နိုင်မှာဖြစ်ကြောင်း သိရသည်။
မယ်သင်း