မကွေး ဇွန် ၁၇
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စုရန်ပုံငွေ၊ တိုင်းဒေသကြီးအစိုးရရရန်ပုံငွေတို့ဖြင့် ဆောင်ရွက်မည့် ကုန်ထုတ်လမ်း၊ တံတားနှင့် ရေရရှိရေးလုပ်ငန်းများအတွက် တင်ဒါခေါ်ယူဆောင်ရွက်လျက်ရှိရာ ဇွန်လ ၁၆ ရက် နေ့လယ်ပိုင်းက မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ တင်ဒါအောင်ကုမ္ပဏီများနှင့် စာချုပ်ချုပ်ဆိုပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး လင်းထွဋ် တက်ရောက်ပြီး ရဲမှူးကြီး လင်းထွဋ် က မြန်မာနိုင်ငံမှာ နိုင်ငံရဲ့ လူဦးရေ (၇၀%)ကျော်ဟာ ကျေးလက်နေ ပြည်သူများဖြစ်ကြပြီး နိုင်ငံတော်အနေနဲ့ ကျေးလက်ဒေသဖွံတွေ ဖွံ့ဖြိုးလာစေဖို့ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးလက်သောက်သုံးရေရရှိရေး၊ ကုန်ထုတ်လမ်း၊ တံတားများ၊ မြစိမ်းရောင် ကျေးရွာစီမံကိန်း၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း စသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင် အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယခု တင်ဒါအောင်မြင်သည့်ကုမ္ပဏီများအနေဖြင့် လုပ်ငန်းများ ဆောင်ရွက်သည့်အခါ ဒေသခံပြည်သူများကို ပွင့်လင်း မြင်သာစွာ ရှင်းပြပေးရန်လိုကြောင်း၊ ဒေသခံပြည်သူများမှ လုပ်ငန်းနှင့်ဆက်စပ်၍ လိုအပ်ချက်များ တင်ပြလာသည့်အခါ ဌာနနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးစေ လိုပါကြောင်း အဖွင့်အမှာစကားတွင် ထည့်သွင်းပြောကြား ပါသည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးစိုးမောင်က တင်ဒါစာချုပ်တွင် ပါရှိသည့် စည်းကမ်းချက်များနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့ကြောင်း၊ တင်ဒါအောင်မြင်သည့် ကုမ္ပဏီများမှ တစ်ဦးချင်း မိတ်ဆက်ပြီး တင်ဒါစာချုပ်ပါ အချက်များနှင့် ပတ်သက်၍ မရှင်းလင်းသည့်အချက်များ မေးမြန်းကာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားဆွေးနွေးပြီးနောက် တင်ဒါ အောင်မြင်သည့် ကုမ္ပဏီများနှင့် စာချုပ်တွင် လက်မှတ်ရေးထိုးမှတ်တမ်းတင်ခဲ့ကြသည်။
မကွေးတိုင်းဒေသကြီးအတွင်း ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ကုန်ထုတ်လမ်း၊ တံတားနှင့် ရေရရှိရေးလုပ်ငန်းများအတွက် ပြည်ထောင်စုရန်ပုံငွေ (၃၈၅၀.၁၆၅)သန်း၊ တိုင်းဒေသကြီးအစိုးရရန်ပုံငွေ (၂၀၅၁.၂၉၈)သန်းတို့ဖြင့် လုပ်ငန်းပေါင်း ၁၉၉ ခုကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးစီးမှူး ဦးစိုးမောင်ထံမှ သိရ သည်။
မယ်သင်း