Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

မကွေးတိုင်းဒေသကြီးအတွင်း ခေတ်မီစံပြကျေးရွာ (၃)ရွာ အကောင်အထည်ဖော် ဆောင်ရွက်မည်။

14 June 22

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးရွာများရှိ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးစေခြင်းဖြင့် ကျေးလက်နေ ပြည်သူများ၏ လူနေမှုအဆင့်အတန်း မြင့်မားလာစေရန်၊ နည်းပညာများပံ့ပိုးပေးခြင်းဖြင့် ကျေးလက်စီးပွားရေး မြင့်မားလာစေရန်၊ သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေရှိသော နေချင့်စဖွယ် စံပြကျေးရွာများ ဖြစ်ပေါ်လာစေရန်နှင့် ကျေးရွာသူ၊ ကျေးရွာသားများ၊ ကျေးရွာအသင်းအဖွဲ့များ စွမ်းဆောင်ရည်မြင့်မားလာစေခြင်းဖြင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုကို ဖော်ဆောင်ရန် ရည်ရွယ်ပြီး ခေတ်မီစံပြကျေးရွာ (SMART Village) ထူထောင်ရေးစီမံချက်လုပ်ငန်းများ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ယခုဘဏ္ဍာနှစ်မှစတင်ပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

မကွေးတိုင်းဒေသကြီးအတွင်း ခေတ်မီစံပြကျေးရွာ (SMART Village) ထူထောင်ရေးအတွက် ချောက်မြို့နယ်မှ ကြီးနီးကျေးရွာ၊ မင်းဘူးမြို့နယ်မှ တောင်မန်းကျေးရွာနှင့် ပွင့်ဖြူမြို့နယ်မှ စံပြကျေးရွာတို့အား ခေတ်မီစံပြကျေးရွာအဖြစ် ရွေးချယ်ဆောင်ရွက် လျက်ရှိသည်။

အဆိုပါ ခေတ်မီစံပြကျေးရွာ (၃)ရွာတွင် ကဏ္ဍအလိုက် စီမံချက်လုပ်ငန်းများ ရေးဆွဲကာ ထွက်ရှိလာသည့် လုပ်ငန်းများ အပေါ် သက်ဆိုင်ရာဌာနများအလိုက် ဘတ်ဂျက်များ လျာထားရန် ဆွေးနွေးညှိနှိုင်းပြီးဖြစ်ကြောင်း၊ စီမံကိန်းကာလသည် ယခု ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်နှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အထိ (၂)နှစ်ဖြစ်ကြောင်း၊ ယခုဘဏ္ဍာနှစ်တွင် ပါဝင်သည့် လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ကျန်ရှိသည့်လုပ်ငန်းများကို ၂၀၂၃-၂၀၂၄ခုဘဏ္ဍာနှစ်တွင် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ရန် စီစဉ်ဆောင်လျက်ရှိကြောင်း” မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးစိုးမောင် ထံက သိရသည်။           

မယ်သင်း