ပွင့်ဖြူ ဇွန် ၁၈
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ တပိုင်တနိုင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြားအသေးစားစီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရန်ပွင့်ဖြူမြို့နယ်၊ ကျွန်းပင်စင်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေများ ထုတ်ချေးပေးခြင်းကို ဇွန် ၁၇ ရက်နေ့ မွန်းလွဲပိုင်းက မြို့နယ်ဦးစီးမှူး နှင့် ဝန်ထမ်းများက အဆိုပါကျေးရွာ ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပထမဦးစွာ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးလှဌေးမောင်က မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေဖြင့် ကျေးလက်နေပြည်သူများ တပိုင်တနိုင် အသေးစားစီးပွားရေးလုပ်ငန်းများကို ထိထိရောက်ရောက် ဆောင်ရွက်ကြစေလိုကြောင်း၊ အတိုး/အရင်းများကို သတ်မှတ်ရက်အတွင်း ပြေကျေစွာ ပုံမှန်ပေးသွင်းကြစေလိုကြောင်း၊ ကျေးရွာစီမံကိန်းလုပ်ငန်းကော်မတီဝင်များကလည်း စာရင်းဇယားများကို စနစ်တကျဆောင်ရွက်ကြရန်လိုအပ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ စီမံကိန်းတာဝန်ခံဝန်ထမ်းများက ကျွန်းပင်စင် ကျေးရွာမြစိမ်းရောင်စီမံကိန်းလုပ်ငန်းကော်မတီဝင်များနှင့်အတူ တက်ရောက်လာကြသော အိမ်ထောင်စုများမှ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ ၈၆ ဦး ငွေကျပ် ၁၇ ဒသမ ၂ သန်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၁၀၁ ဦး ငွေကျပ် ၁၇ ဒသမ ၁၁ သန်း နှင့် အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူ ၁၁ ဦး ငွေကျပ် နှစ် သန်း၊ စုစုပေါင်း ၁၉၆ ဦးစုစုပေါင်းငွေကျပ် ၃၆ ဒသမ ၃၁ သန်းကို စတုတ္ထအကြိမ်မြောက် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
မြစိမ်းရောင်ကျေးရွာစီမံကိန်းအား ကျေး လက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးပွားလာစေခြင်းဖြင့် ကျေးလက်ဒေသဆင်းရဲမှုနှုန်းကို လျော့ချနိုင်ရန်၊ တိုးပွားလာသော ရန်ပုံငွေများဖြင့် ကျေးရွာအတွက် အမှန်တကယ် လိုအပ်သော ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်၊ တုန့်ပြန်မှုအားကောင်းသော လူမှုအဖွဲ့အစည်းများ ပေါ်ပေါက်လာစေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း စလင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးလှဌေးမောင်ထံမှ သိရသည်။
အထွေး