ပျော်ဘွယ်မြို့နယ် အုပ်ဆပ္ပင်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေထုတ်ချေး
ပျော်ဘွယ် ဇွန် ၁၇
ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မိုးနံကုန်းကျေးရွာအုပ်စု၊ အုပ်ဆပ္ပင်ကျေးရွာ၌ အဌမအကြိမ်မြောက် မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေများ ပြန်လည်ထုတ်ချေးခြင်းကို ယနေ့တွင် အဆိုပါကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း၌ ကိုဗစ်-၁၉ စည်းကမ်းချမ်းများနှင့်အညီ ထုတ်ချေးပေးခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ရမည်းသင်းခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဇော်မင်းသိုက်က ချေးငွေများပြန်လည်ထုတ်ချေးရခြင်းရည်ရွယ်ချက်နှင့် စီမံကိန်းမှရရှိသည့်အကျိုး ကျေးဇူးများအကြောင်း ရှင်းလင်းပြောကြားပြီး ပျော်ဘွယ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအေးမင်းနိုင်က စီမံကိန်းရန်ပုံငွေများမပျောက်ပျက်အောင် ကျေးရွာစီမံကိန်းလုပ်ငန်းကော်မတီဝင်များက စနစ်တကျထိန်းသိမ်းရန်နှင့် စာရင်းဇယားများ စနစ်တကျ ဆောင်ရွက်ကျရန် လိုအပ်ကြောင်းရှင်းလင်းပြောကြားသည်။
ထို့နောက် ပျော်ဘွယ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ စီမံကိန်းတာဝန်ခံ ဝန်ထမ်းများက အုပ်ဆပ္ပင်ကျေးရွာမြစိမ်းရောင် ကျေးရွာစီမံကိန်းလုပ်ငန်း ကော်မတီဝင်များ နှင့်အတူ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၃၁ဦးအား ငွေကျပ် ၁၈ဒဿမ ၃သန်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၄၃ ဦးအား ငွေကျပ် ၁၅ ဒဿမ ၉ သန်း၊ အရောင်းအဝယ်လုပ်ကိုင်သူ ၃၃ ဦးအား ငွေကျပ် ၁၅ ဒဿမ ၈ သန်း စုစုပေါင်း အသင်းသူ၊ အသင်းသား ၁၀၇ ဦးအား ငွေကျပ် ၅၀သန်း ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေများ တိုးပွားလာ စေခြင်းဖြင့် ကျေးလက်ဒေသဆင်းရဲမှုနှုန်းကိုလျော့ကျရန်၊ တိုးပွားလာသောရန်ပုံငွေများဖြင့် ကျေးရွာ အတွက် အမှန်တကယ်လိုအပ်သော ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်စေရန်၊ တုံ့ပြန်မှုအား ကောင်းသော လူမှုအဖွဲ့အစည်းများ ပေါ်ပေါက်လာစေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ရမည်းသင်းခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဇော်မင်းသိုက်ထံမှ သိရသည်။
သံသာ(ကျေးလက်)