Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း ကုန်ထုတ်လမ်းနှင့် ရေရရှိရေးလုပ်ငန်းဆောင်ရွက်မည် "

16 June 22

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေနှင့် ပြည်နယ်ခွင့်ပြုရန်ပုံငွေတို့ဖြင့် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း ကျေးလက်ကုန်ထုတ်လမ်းနှင့် ကျေးလက်ရေရရှိရေးလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။
ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း ခလယ်ကျေးရွာအောက်လမ်း၊ ခလယ်ဘုန်းကြီးကျောင်းနှင့် အင်းသွားလမ်း(သိမ်ကွင်းလမ်း) ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းနှစ်ခုနှင့် Pipe Culvert နှစ်စင်းတည်ဆောက်ခြင်း၊ မရိကလကျေးရွာကုန်ထုတ်တံတား ကွန်ကရစ်တစ်စင်းနှင့် RC Box Culvert သုံးစင်းတည်ဆောက်ခြင်း၊ လှိုင်ကနီ-လှာကဒါကျေးရွာချင်းဆက်လမ်း မြေသားတင်ဂဝံခင်းခြင်းလုပ်ငန်းနှင့် RC Box Culvert ခြောက်စင်းတည်ဆောက်ခြင်း၊ ကမော့ဝမ်းကျေးရွာကုန်ထုတ်လမ်း မြေသားတင်ဂဝံခင်းခြင်းလုပ်ငန်းနှင့် RC Box Culvert လေးစင်းတည်ဆောက်ခြင်း၊ ဆိပ်ကလေးကျေးရွာနှင့် မိပရံကျေးရွာ၌ စက်ရေတွင်း(တွင်းတိမ်) နှစ်တွင်းတူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ၊ နန်းသိုင်းထွန်းကျေးရွာ၌ မြေသားရေကန်တူးဖော်ခြင်း၊ ထီးဖိုးနိုင်း(မွန်)ကျေးရွာ၌ အိမ်သွယ်ရေတိုင်ဆောင်ရွက်ခြင်း၊ ရှမ်းကုန်း(အုန်းတပင်)ကျေးရွာ၌ စက်ရေတွင်း(တွင်းနက်)တူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ၊ ကြက်တူရွေးတောင်ကျေးရွာ၌ အခြားလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကျေးလက်ကုန်ထုတ်လမ်းနှင့် ကျေးလက်ရေရရှိရေးလုပ်ငန်းများကို ပြည်ထောင်စုခွင့်ပြုရန်ပုံငွေနှင့် ပြည်နယ်ခွင့်ပြုရန်ပုံငွေ စုစုပေါင်းငွေကျပ် ၅၇၀ ဒသမ ၈၅၅ သန်းဖြင့် တင်ဒါအောင်မြင်သောကုမ္ပဏီများက အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး လုပ်ငန်းများအားလုံး ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပါက လယ်ယာထွက်ကုန်သီးနှံများ စျေးကွက်သို့ ကုန်ကျစရိတ်သက်သာစွာ သယ်ယူပို့ဆောင်နိုင်မည်ဖြစ်သည့်အပြင် အကျိုးပြုအိမ်ခြေ ၁၀၇၄ အိမ်၊ လူဦးရေ ၅၄၈၇ ဦးအတွက် သန့်ရှင်းသောသောက်သုံးရေ ဖူလုံစွာရရှိနိုင်တော့မည်ဖြစ်ကြောင်း ကြာအင်းဆိပ်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမိုးရန်နိုင်ထံမှ သိရသည်။