မင်းဘူး ဇွန် ၂၅
မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက် နိုင်ရန် VDP စီမံကိန်းမိတ်ဆက်ခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းကို ယနေ့နံနက်ပိုင်းက မယ်ဘေ့ကုန်း ကျေးရွာ ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မင်းဘူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးအောင်ကိုကိုက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) အကောင်အထည်ဖော်ဆောင် ရွက်ရခြင်း ရည်ရွယ်ချက်နှင့် စီမံကိန်းလုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ စီမံကိန်းတာဝန်ခံများက ကော်မတီဖွဲ့စည်းရာတွင် လိုက်နာရမည့် စည်းကမ်းချက်များ ၊ စီမံကိန်းကော်မတီဝင်များ၏ တာဝန်ဝတ္တရားများ ၊ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဥပဒေတွင်ပါရှိသော ကျေးရွာသူ၊ကျေးရွာသားများ လိုက်နာရမည့် တာဝန်များနှင့် ရပိုင်ခွင့်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသော ရပ်မိ၊ရပ်ဖများ၊ကျေးရွာသူ၊ ကျေးရွာသားများက VDP စီမံကိန်း ကော်မတီဝင် ၉ ဦးကို အများသဘောဆန္ဒနှင့်အညီ ရွေးချယ်ဖွဲ့စည်းပေးခဲ့ကြောင်းသိရသည်။
မင်းဘူးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုဘဏ္ဍာနှစ်အတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း (VDP)ကို ကျေးရွာ ၁၃ ရွာ၌ ဆောင်ရွက်သွားမည်ဖြစ်ပြီး ကျေးရွာတစ်ရွာလျှင် စီမံကိန်းပံ့ပိုးရန်ပုံငွေကျပ်သိန်း ၁၀၀၊ ပြည်သူထည့်ဝင်ငွေများဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကျေးရွာသူ/ကျေးရွာသားကိုယ်တိုင် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မင်းဘူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးအောင်ကိုကိုထံမှ သိရသည်။
ဇင်မာ