မင်းဘူး ဇွန် ၂၅
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် မင်းဘူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်မည့် တောင်မန်းကျေးရွာ၌ ရန်ပုံငွေ ထုတ်ချေးခြင်းကို ဇွန် ၂၄ ရက် နံနက် ပိုင်းက တာဝန်ရှိသူများ ကျေးရွာအရောက် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မင်းဘူးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းမြတ်သိန်းမှ ကျေးလက်နေပြည်သူများ၏ ဆင်းရဲမှုလျော့ကျစေရန်နှင့် တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေး၊မွေးမြူရေး လုပ်ငန်းများ လုပ်ကိုင်နိုင်ရန်နှင့် မိသားစုဝင်ငွေတိုးပွား လာစေရန် ရည်ရွယ်၍ တောင်မန်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ် ရန်ပုံငွေ ထုတ်ချေးရခြင်းဖြစ်ကြောင်း ၊ စီမံကိန်းရန်ပုံငွေများ မပျောက်ပျက်အောင် ကျေးရွာမြစိမ်းရောင် စီမံကိန်း လုပ်ငန်းအဖွဲ့ဝင်များက စနစ်တကျ ထိန်းသိမ်းရန်နှင့် စာရင်းဇယားများ စနစ်တကျဆောင်ရွက်ကြရန်လိုအပ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်အဆင့်မြစိမ်းရောင်ကျေးရွာစီမံကိန်း လုပ်ငန်းအဖွဲ့က ကျေးရွာအဆင့် မြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့ထံ ရန်ပုံငွေများလွှဲအပ်ပြီး ကျေးရွာအဆင့် မြစိမ်းရောင်စီမံကိန်း လုပ်ငန်းအဖွဲ့များက တောင်မန်းကျေးရွာမှ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၁၂၃ ဦး အား ရန်ပုံငွေ ၂၄ ဒဿမ ၆ သန်း၊ မွေးမြူရေး လုပ်ငန်း လုပ်ကိုင်သူ ၂၇ ဦး အား ရန်ပုံငွေ ၄ ဒဿမ ၀၅ သန်း၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းလုပ်ကိုင်သူ ၉ ဦးအား ၁ ဒဿမ ၃၅ သန်း၊ စုစုပေါင်း အသင်းသူ/ အသင်းသား ၁၅၉ ဦး ထံသို့ ရန်ပုံငွေ ၃၀ သန်း ထုတ်ချေးပေးခဲ့ကြောင်း မင်းဘူးခရိုင်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းမြတ်သိန်းထံမှ သိရသည်။
ဇင်မာ