Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ပွင့်ဖြူမြို့နယ် သံကိုင်းကျေးရွာ၌ မြစိမ်းရောင်စီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေ ထုတ်ချေး

24 June 22

ပွင့်ဖြူ ဇွန် ၂၄

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ တပိုင်တနိုင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြားအသေးစားစီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရန်ပွင့်ဖြူမြို့နယ်၊ သံကိုင်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေ ထုတ်ချေးပေးခြင်းကို ဇွန် ၂၃ ရက်နေ့ နံနက်ပိုင်းက မြို့နယ်ဦးစီးမှူး နှင့် ဝန်ထမ်းများက အဆိုပါကျေးရွာ အုပ်ချုပ်ရေးမှူးရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပထမဦးစွာ ​ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးလှဌေးမောင်က မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေဖြင့် ကျေးလက်နေပြည်သူများ တပိုင်တနိုင် အသေးစားစီးပွားရေးလုပ်ငန်းများကို ထိထိရောက်ရောက် ဆောင်ရွက်ကြစေလိုကြောင်း၊ အတိုး/အရင်းများကို သတ်မှတ်ရက်အတွင်း ပြေကျေစွာ ပုံမှန်ပေးသွင်းကြစေလိုကြောင်း၊ ကျေးရွာစီမံကိန်းလုပ်ငန်းကော်မတီဝင်များကလည်း စာရင်းဇယားများကို စနစ်တကျဆောင်ရွက်ကြရန်လိုအပ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ စီမံကိန်းတာဝန်ခံဝန်ထမ်းများက သံကိုင်းကျေးရွာမြစိမ်းရောင်စီမံကိန်းလုပ်ငန်းကော်မတီဝင်များနှင့်အတူ တက်ရောက်လာကြသော အိမ်ထောင်စုများမှ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ ၃၅ ဦး ငွေကျပ် ၁၈ ဒသမ ၁၅ သန်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၁၀၉ ဦး ငွေကျပ် ၂၇ ဒသမ ၂၅ သန်း၊ အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူ ၈ ဦး ငွေကျပ် ၂ ဒသမ တစ်သန်း၊ ရေလုပ်ငန်း လုပ်ကိုင်သူ ၁၀ ဦး ငွေကျပ် ၂ ဒသမ ၅ သန်း၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်း လုပ်ကိုင်သူ ၁၈ ဦး ငွေကျပ် ၆ ဒသမ ၃ သန်း၊ စုစုပေါင်း ၁၈၀ ဦးစုစုပေါင်းငွေကျပ် ၅၆ ဒသမ ၃ သန်းကို နဝမအကြိမ်မြောက် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

မြစိမ်းရောင်ကျေးရွာစီမံကိန်းအား ကျေး လက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးပွားလာစေခြင်းဖြင့် ကျေးလက်ဒေသဆင်းရဲမှုနှုန်းကို လျော့ချနိုင်ရန်၊ တိုးပွားလာသော ရန်ပုံငွေများဖြင့် ကျေးရွာအတွက် အမှန်တကယ် လိုအပ်သော ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်၊ တုန့်ပြန်မှုအားကောင်းသော လူမှုအဖွဲ့အစည်းများ ပေါ်ပေါက်လာစေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးလှဌေးမောင်ထံမှ သိရသည်။

အထွေး