လင်း ဇွန် ၂၂
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက စဥ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်(၆) (SDG 6) နှင့်အညီ ကျေးလက်နေပြည်သူများ ဘေးကင်းလုံခြုံသော သောက်သုံးရေရရှိရေးအတွက် ယခုဘဏ္ဍာရေးနှစ်တွင် စလင်းမြို့နယ်၊ မင်းလျင်ကျေးရွာအုပ်စု၊ ပေါက်ခြုံကျေးရွာ၌ ပြည်ထောင်စုရန်ပုံငွေ ကျပ် ၃၁ ဒသမ ၁၄ သန်း အသုံးပြု၍ စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုအား တာဝန်ရှိသူများက ဇွန် ၂၁ ရက်နေ့ မွန်းလွဲ ၁ နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စလင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးစိုးခိုင်၊ စလင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ(နည်းပညာ) ဒေါ်စုစန္ဒာ၊ တော်ဝင်ထွန်းကုမ္ပဏီမှ တာဝန်ရှိသူများသည် ပေါက်ခြုံကျေးရွာသောက်သုံးရေရရှိရေကော်မတီဝင်များနှင့်အတူ စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးမှူးက ကျေးရွာရေရရှိရေးကော်မတီဝင်များနှင့် ရပ်မိရပ်ဖများအား တွေ့ဆုံ၍ စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းနှင့် ဆက်စပ်သည့် လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
စလင်းမြို့နယ်၊ မင်းလျင်ကျေးရွာအုပ်စု၊ ပေါက်ခြုံကျေးရွာတွင် ၄ လက်မအကျယ်၊ ၆၀၀ ပေ အနက် စက်ရေတွင်းတူးဖော်ခြင်း၊ ဂါလံ ၂၄၀၀ ဆံ့ အမြင့်တင်ရေစင်တည်ဆောက်ခြင်း၊ အလျား ၁၀ ပေ အနံ ၈ ပေ အမြင့် ၈ ပေ ရေစက်ရုံတည်ဆောက်ခြင်း နှင့် ခြံစည်းရိုးကာရံခြင်းလုပ်ငန်းများကို တော်ဝင်ထွန်း ကုမ္ပဏီက တာဝန်ယူဆောင်ရွက်လျက်ရှိပြီး ယနေ့တွင် ၃၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း စလင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
အထွေး