ပဲခူးတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူ များအလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးစီပွားရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် ကျေးလက်လူမှုစီးပွားဘဝတိုးတက်လာစေရန်၊ဆင်းရဲမှုလျော့ချစေရန် ရည်ရွယ်ချက်ဖြင့် အကောင် အထည်ဖော်ဆောင်ရွက်သော ဝေါမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအတွင်းရှိ ကျေးရွာများတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုကို တိုင်းဒေသကြီးဦးစီးမှူးနှင့် တာဝန်ရှိသူများက ယနေ့နံနက်တွင် ကွင်းဆင်းစစ်ဆေးကြောင်းသိရသည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးမျိုးအောင်နှင်တာဝန်ရှိသူများက ဝေါမြို့နယ်၊ပုဂံကျေးရွာ၌ ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ် တွင် တိုင်းဒေသကြီးရန်ပုံငွေကျပ် ၆၆ ဒဿမ ၈၄သန်းဖြင့် ဆောင်ရွက်ပေးခဲ့သော အရှည် ၁မိုင်၊ အကျယ် ၈ပေ၊ထု ၃ပေရှိသော မြေသားလမ်းအားလည်းကောင်း၊အရှည် ၆ပေ၊ အကျယ် ၂၀ပေ၊အမြင့် ၆ပေ ရှိသော Box Culvert ၂စင်းအားလည်းကောင်း၊အရှည် ၂၀ပေ၊ အကျယ် ၁၄ပေ၊ အမြင့် ၁၀ပေရှိသောကွန်ကရစ်တံတားအားလည်းကောင်း၊ မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် ဆောင်ရွက် ပေးနေသော တစ်နိုင်တစ်ပိုင်စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူးရေး၊အရောင်းအဝယ်၊ အသက်မွေးဝမ်း ကျောင်း၊ ရေလုပ်ငန်းစသည့် မိသားစုဝင်ငွေ တိုးပွားရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ တိုင်းဒေသကြီးဦးစီးမှူးနှင့် တာဝန်ရှိသူများက မှုံကတုံးကျေးရွာတွင် ကျေးရွာ မတည်ရန်ပုံငွေဖြင့် ဆောင်ရွက်ပေးနေသော စိုက်ပျိုးရေး၊မွေးမြူးရေး၊အရောင်းအဝယ် လုပ်ငန်းများ အားလည်းကောင်း၊ ညောင်ခါးရှည်ကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း ရန်ပုံငွေကျပ် ၁၀၀သိန်းဖြင့် ဆောင်ရွက်ပေးခဲ့သော ကွန်ကရစ်လမ်းအား လည်းကောင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ကျေးရွာရှိ ရပ်မိ၊ရပ်ဖများ ကော်မတီဝင်များနှင့်တွေ့ဆုံကာ လိုအပ်သည့်များကို တိုင်းဒေသကြီး ဦးစီးမှူးက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး၊ ဝေါမြို့နယ်အတွင်းရှိ တောင်သူများ ဈေးနှုန်း သက်သာစွာဖြင့် အသုံးပြုနိုင်ရန် ယူရီယားဓာတ်မြေဩဇာများဖြန့်ဖြူရောင်းချနေသော အရောင်း ကိုယ်စားလှယ်ဆိုင်ရှင်နှင့် တွေ့ဆုံခဲ့ပြီး ဆိုင်ရှင်အားဈေးနှုန်းများနှင့် ဈေးကွက်အခြေအနေ အခက်အခဲများကို မေးမြန်း၍ လိုအပ်သည်များကို အကြံပြုပြောကြားခဲ့ကြောင်းသိရသည်။