မိတ္ထီလာမြို့နယ် ပန်းတိမ်ကုန်းကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း(VDP) မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းကို ဇွန်လ ၂၂ ရက်နေ့တွင် အဆိုပါ ကျေးရွာတွင် ကျင်းပကြောင်းသိရသည်။
ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) မိတ်ဆက်ရှင်းလင်းခြင်းတွင် မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မျိုးမျိုးလတ်က ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် ကျေးရွာတစ်ရွာလျှင် ငွေကျပ်သိန်း(၁၀၀)နှုန်းဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာ (၁၇)ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အဆိုပါကျေးရွာများတွင် စီမံကိန်းနှင့်ပတ်သက်၍ ပြည်သူများ သိရှိစေရန် ယခုလိုကျေးရွာများအရောက်လာရောက်၍ မိတ်ဆက်ရှင်းလင်းဖြစ်ပါကြောင်း၊ စီမံကိန်း ၏ ရည်ရွယ်ချက်မှာ ကျေးလက်ပြည်သူများကိုယ်တိုင် ကျေးရွာ၏ ပကတိလိုအပ်ချက်များကို ဖော်ထုတ်ပြီး ဦးစားပေးအစီအစဉ်အလိုက် စီမံချက်များ ရေးဆွဲဖော်ထုတ်နိုင်စေရန်၊ ကျေးရွာများ၏ ဦးစားပေးစီမံချက်များအပေါ်အခြေခံ၍ နှစ်စဉ်ရန်ပုံငွေများ အကောင်အထည်ဖော် ဆောင်ရွက်နိုင် စေရန်၊ ကျေးရွာများမှ ထွက်ပေါ်လာသော စီမံချက်များအား မြို့နယ်အဆင့် ဦးစီးဌာနအသီးသီး၏ ဖွံ့ဖြိုးရေးအစီအစဉ်များနှင့် ချိတ်ဆက်နိုင်စေရန် စသည့်စီမံကိန်းရည်ရွယ်ချက်များအား ရှင်းလင်း ပြောကြားခဲ့သည်။ ယင်းနောက် ကျေးရွာလူထု၏ဆန္ဒဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း ကြီးကြပ်ရေးကော်မတီများကို ရွေးချယ်ဖွဲ့စည်းခဲ့ကြောင်း သိရပါသည်။
မိတ္ထီလာမြို့နယ် ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP)ကို ကျောက်ဖြူကုန်းကျေးရွာ၊ ချောင်းခွကျေးရွာ၊ မြင်းကန်ကျေးရွာ၊ နွားစမ်း (တ)ကျေးရွာ၊ ခင်တဲကျေးရွာ၊ မကျီးပင်တဲကျေးရွာ၊ ကျီးပင်ခွကျေးရွာ၊ ပျဉ်သာကျေးရွာ၊ သိမ်ကုန်း ကျေးရွာ၊ ထန်းတောကျေးရွာ၊ သဖန်းခါးကုန်းကျေးရွာ၊ ကျောက်အိုးကျေးရွာ၊ ညောင်ကိုင်း ကျေးရွာ၊ ကံကောင်းကျေးရွာ၊ ဥယျာဉ်ကုန်းကျေးရွာ၊ ထနောင်းကုန်းကျေးရွာ၊ ပန်းတိမ်ကုန်းကျေးရွာ များတွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။