ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တောပြားကြီး ကျေးရွာ အုပ်စု၊ တောပြားကြီးကျေးရွာတွင် Cash For Work စီမံကိန်းဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး စီမံကိန်းမိတ်ဆက် ရှင်းလင်းခြင်းနှင့် ကျေးရွာဖွံ့ဖြိုးရေးကော်မတီဖွဲ့စည်းခြင်းကို ယနေ့ နံနက် ၉ နာရီ အချိန်က အဆိုပါ ကျေးရွာဘုရားကျောင်း၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များ နှင့်အညီ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ သံတောင်ကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းက ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် Cash For Work စီမံကိန်းလုပ်ငန်းစဉ်များ၊ စီမံကိန်းမူဘောင်များ၊ ကော်မတီဖွဲ့စည်းရာတွင် လိုက်နာရမည့် စည်းကမ်း ချက်များနှင့်ပတ်သက်၍ မိတ်ဆက် ရှင်းလင်းပြောကြားပါသည်။
ထို့နောက် တက်ရောက်လာသည့် ကျေးရွာသူကျေးရွာသားများက ဦးစာပေးဆောင်ရွက်လိုသော ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြရာ တာဝန်ရှိသူများက လိုအပ်သည်များရှင်းလင်းပြောကြားပြီး ကျေးရွာနေပြည်သူများ၏ အများသဘောဆန္ဒနှင့်အညီ ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင် ခုနစ်ဦးကို မဲစနစ်ဖြင့် ရွေးချယ်ဖွဲ့စည်းပေးခဲ့ကြောင်း သိရသည်။
အဆိုပါ တောပြားကြီးကျေးရွာ၌ ယခုဘဏ္ဍာရေးနှစ်တွင် Cash For Work စီမံကိန်း ထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း ၁၀၀ ဖြင့် ကျေးရွာသူ ကျေးရွာသားများကိုယ်တိုင် ရွေးချယ်ဖော်ထုတ်ကာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက နည်းပညာများ ပံ့ပိုးမှု အနီးကြီးကြပ်မှုတို့ဖြင့် ကျေးရွာသူကျေးရွာသားများကိုယ်တိုင် အကောင် အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စီမံကိန်းလုပ်ငန်းတွင် ပါဝင်လုပ်ကိုင်ခြင်းဖြင့် ကျေးရွာနေပြည်သူများ ဝင်ငွေရရှိစေရန် ရည်ရွယ်၍ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။