ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကိုဗစ်-၁၉ ကာလအတွင်း ကျေးလက်နေပြည်သူများ၏ ဝင်ငွေလျော့နည်းလာမှုနှင့် စားဝတ်နေရေးအခက်အခဲများကို ကုစားပေးနိုင်စေရန် ရည်ရွယ်၍ မြစိမ်းရောင်စီမံကိန်းဝင်ကျေးရွာဖြစ်သည့် မိုင် ၂၀ ကျေးရွာအား စီမံကိန်းအရင်းမပျောက် လည်ပတ်ရန်ပုံငွေ အဌမအကြိမ် ထုတ်ချေးပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီ အချိန်က အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ထုတ်ချေးပေးရာတွင် သံတောင်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းနှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများက ကျေးလက်နေပြည်သူများ၏ ဝင်ငွေလျော့နည်းလာမှုနှင့် စားဝတ်နေရေး အခက်အခဲများကို ကုစားပေးနိုင်ရန်နှင့် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးလာစေရန်ရည်ရွယ်၍ မြစိမ်းရောင် ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေများထုတ်ချေးပေးခြင်းဖြစ်ကြောင်းပြောကြားပြီး ကျေးရွာကော်မတီဝင်များအား ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ရန်ပုံငွေများ စနစ်တစ်ကျ လွှဲပြောင်းပေးအပ်ကြပါသည်။
ထို့နောက် မြစိမ်းရောင်ကျေးရွာစီမံကိန်း အဌမအကြိမ်အဖြစ် သံတောင်ကြီးမြို့နယ် မိုင် ၂၀ ကျေးရွာရှိ စိုက်ပျိုးရေး လုပ်ကိုင်သူ ၇၂ ဦး၊ မွေးမြူရေးလုပ်ကိုင်သူ ၃၄ ဦး၊ အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူ ၃၈ ဦး စုစုပေါင်းအသင်းသား ၁၄၄ ဦး ကို အရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ် ၄၁၈ ဒသမ ၇ သိန်းအား ကျေးရွာစီမံကိန်းရန်ပုံငွေကြီးကြပ်မှုကော်မတီဝင်များက နေ့ချင်းပြီး ထုတ်ချေးပေးခဲ့ကြောင်း သံတောင်ကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်း က ပြောပြ၍ သိရသည်။