ရမည်းသင်းမြို့နယ် သိုက်မြှောင်ကျေးရွာ၌ VDP စီမံကိန်းမိတ်ဆက်ခြင်းနှင့်ကော်မတီဖွဲ့စည်းခြင်းပြုလုပ်
ရမည်းသင်း ၊ ဇွန် ၂၂
ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် သိုက်မြှောင်ကျေးရွာအုပ်စု၊ သိုက်မြှောင်ကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) အကြောင်းအရာများကို ကျေးရွာပြည်သူလူထုသိရှိနိုင်စေရေး မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများဆောင် ရွက်နိုင်ရေး ကျေးရွာကော်မတီဖွဲ့စည်းခြင်းကို ဇွန် ၂၂ ရက်၊ နံနက် ၁၀ နာရီ က အဆိုပါကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ရမည်းသင်းခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဇော်မင်းသိုက်က အမှာစကားပြောကြားပြီး စီမံကိန်းလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းပြော ကြားသည်။
ဆက်လက်၍ ရမည်းသင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်နိုင်မိုးက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက် ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ကျေးရွာဖွံ့ဖြိုးရေးကော်မတီဖွဲ့စည်းခြင်း၊ စီမံချက်ရေးဆွဲခြင်းနှင့် စီမံကိန်းကော်မတီဝင်များ၏ တာဝန်ဝတ္တရားများနှင့် ကိုရှင်းလင်းပြောကြား သည်။
ထို့နောက်အစည်းအဝေးသို့တက်ရောက်လာကြသော ကျေးရွာသူ၊ ကျေးရွာသားများ၊ ရပ်မိရပ်ဖ များက မိမိတို့ကျေးရွာအတွက် တာဝန်ယူဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင် ၁၁ ဦး ကို အများသဘောဆန္ဒနှင့်အညီ ရွေးချယ်ပေးခဲ့ကြောင်းသိရသည်။
ရမည်းသင်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း (VDP) ကို ကျေးရွာ ကိုးရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ပံ့ပိုးရန်ပုံငွေ ကျပ် သိန်း ၁၀၀နှင့် ကျေးရွာပြည်သူလူထုထည့်ဝင်ငွေများဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် မြို့နယ်တာဝန်ခံအင်ဂျင်နီယာများမှ နည်းပညာပံ့ပိုးကူညီသွားမည်ဖြစ်ပြီး ကျေးရွာပြည်သူလူထု ကိုယ်တိုင်ဆောင်ရွက်ရသော စီမံကိန်းဖြစ်ကြောင်း ရမည်းသင်းခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဇော်မင်းသိုက်ကပြောပြ၍ သိရသည်။
သံသာ(ကျေးလက်)