မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင်တွင် ၂၀၂၂-၂၀၂၃ ခုဘဏ္ဍာရေးနှစ်၌ ကျေးရွာတစ်ရွာလျှင် ငွေကျပ် သိန်း(၁၀၀)နှုန်း ပံ့ပိုးပေးပြီး ခရိုင်အတွင်းရှိ ကျေးရွာ (၃၅)ရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း VDP လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်မည် ဖြစ်ကြောင်း ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ သိရသည်။
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း VDP ဖြင့် ကျေးရွာတစ်ရွာလျှင် နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေကျပ် သိန်း(၁၀၀)နှုန်းဖြင့် မိတ္ထီလာခရိုင် အတွင်းရှိ ကျေးရွာ (၃၅)ရွာတွင် ကျေးလက်နေပြည်သူများမှ တင်ပြထားသော ကျေးရွာ၏ အမှန် တကယ်ဆောင်ရွက်ပေးရန် လိုအပ်သည့် ကျေးရွာတွင်းလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ကျေးရွာမီးလင်းရေးလုပ်ငန်းများ ကျေးလက်ရေးရရှိရေး လုပ်ငန်းများ ဆောင်ရွက်ခြင်းစသည် တို့ကို ကျေးရွာနေဒေသခံပြည်သူများ၏ ဆုံးဖြတ်ချက်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်သည်။
ယင်းသို့ဆောင်ရွက်ရာတွင် မိတ္ထီလာခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၏ ကြီးကြပ်မှုအောက်ရှိ မိတ္ထီလာမြို့နယ်တွင် ခင်တဲ၊ ထန်းတော၊ ပျဉ်သာ၊ မြင်းကန်၊ ကျောက်ဖြူကုန်း၊ ကျီးပင်ခွ၊ ကံကောင်း၊ သိမ်ကုန်း၊ ဥယျာဉ်ကုန်း၊ ပန်းတိမ်ကုန်း၊ နွားစမ်းတောင်၊ သဖန်းခါးကုန်း၊ ချောင်းခွ၊ ညောင်ကိုင်း၊ ထနောင်းကုန်း၊ မကျီးပင်တဲကျေးရွာများနှင့် မလှိုင်မြို့နယ်တွင် ညောင်ကုန်း၊ ထန်းပင်ကောက်၊ သပြေလှ၊ ကျွဲခြံ၊ ဖန်းခါးပင်၊ လယ်ဗျား၊ ရွာသစ်၊ ရေနီ(န) ကျေးရွာတို့တွင် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်သည်။ ၎င်းအပြင် သာစည် မြို့နယ်တွင် ဇီးပင်ပေါက်၊ ရွာမွန်သာ၊ ချမ်းသာကြီး၊ သံပွေ့၊ သက်သော့၊ ပျော်ကုန်း၊ အုတ်ဖို ကျေးရွာများနှင့် ဝမ်းတွင်းမြို့နယ်တွင် ဇီးကုန်း၊ ညံကန်၊ ရွှေကူ၊ ငွေပုံသာကျေးရွာများတွင် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။