မန္တလေး ဇွန် ၆
မန္တလေးတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကွပ်ကဲမှုအောက်ရှိ ခရိုင်၊ မြို့နယ်များမှ ဝန်ထမ်းများ အား စွမ်းဆောင်ရည်မြင့်မားရေးနှင့် လုပ်ငန်းခွင်တွင် ထိရောက်မြန်ဆန်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် အင်ဂျင်နီယာစွမ်းဆောင်ရည်မြှင့် ခန့်မှန်းခြေစာရင်းရေးဆွဲနည်းသင်တန်းဖွင့်ပွဲအခမ်းအနားကို နံနက် ၉ နာရီ ၃၀ မိနစ်အချိန်က မန္တလေးတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ ညွှန်ကြားချက်နှင့် အညီကျင်းပ ပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးကြည်စောက သင်တန်းသူ၊ သင်တန်းသားများအနေဖြင့် သင်တန်းတွင် သင်ကြားပို့ချပေးမည့် နည်းပညာများကို စဉ်ဆက်မပြတ် ဆက်လက် လေ့လာပြီး လက်တွေ့နယ်ပယ်နှင့် လုပ်ငန်းခွင်များတွင် အကျိုးရှိရှိ အသုံးချနိုင်ရန် ကြိုစားသင်ယူကြစေလိုကြောင်း အဖွင့်အမှာစကားတွင် ထည့်သွင်းပြောကြားပါသည်။
ဆက်လက်၍ သင်တန်းတွင်သင်ကြားပို့ချပေးမည့် သင်တန်းနည်းပြဆရာ ဦးကျော်ဆွေ(ညွှန်ကြားရေးမှူး-ငြိမ်း)က အင်ဂျင်နီ ယာ လုပ်ငန်းများနှင့်ပတ်သက်၍ ဒီဇိုင်းရေးဆွဲနည်းလမ်းများ၊ Estimate တွက်ချက်မှုနည်းလမ်းများအား သင်ကြားပို့ပေး သွားမည် ဖြစ်ပါကြောင်းရှင်းလင်းပြောကြားပါသည်။
အဆိုပါသင်တန်းဖွင့်ပွဲ အခမ်းအနားကို မန္တလေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးကြည်စောနှင့်တာဝန်ရှိသူများ၊ မန္တလေးတိုင်းဒေသကြီးနှင့် ခရိုင်(၆)ခရိုင်၊ မြို့နယ်(၂၂)မြို့နယ်မှ သင်တန်းသား (၃၀)ဦးတို့သည် တက်ရောက်ခဲ့ကြပြီး သင်တန်းကို စာတွေ့လက်တွေ့နှစ်မျိုးဖြင့် (၆)ရက်ကြာ သင်ကြားပို့ချပေးသွားမည် ဖြစ်ကြောင်းသိရသည်။
စိုးမိုးကျော်