မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၁-၂၀၂၂ခု ဘဏ္ဍာရေးနှစ် ခြောက်လဘတ်ဂျက်မှစတင်၍ ကျေးလက်နေပြည်သူများ လူနေမှုအဆင့်အတန်းမြင့်မားလာစေရန်ရည်ရွယ်၍ နန္ဒာကျေးရွာ၌ ခေတ်မီစံပြကျေးရွာ (SMART VILLAGE)အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများကို ယနေ့နံနက်ပိုင်းအချိန်က တာဝန်ရှိသူများကွင်းဆင်းကြည့်ရှု့ စစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မန္တလေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးကြည်စောနှင့် သက်ဆိုင်ရာခရိုင်၊ မြို့နယ်တာဝန်ရှိသူများသည် သမဝါယမဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန တာဝန်ရှိသူများနှင့်အတူ နန္ဒာကျေးရွာ၌ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများ၊ ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များ၊ ကျေးရွာသူ၊ ကျေးရွာသားများနှင့်တွေ့ဆုံကာ တိုင်းဒေသကြီးဦးစီးမှူးက ကျေးလက်ဦးစီးဌာနအနေဖြင့် ခေတ်မီစံပြကျေးရွာ များပေါ်ပေါက်လာစေရေးအတွက် ခေတ်မီစံပြကျေးရွာထူထောင်ရေးအဓိက လုပ်ငန်းစဉ်များနှင့် ဌာနဆောင်ရွက်ပေးလျက်ရှိသော ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ စီမံကိန်းလုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်ပေးသွားမည့်ကျေးရွာ ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြား ပါသည်။
ထို့နောက် တက်ရောက်လာကြသော ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများ၊ ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များ၊ ကျေးရွာသူ၊ ကျေးရွာသားများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ တိုင်းဒေသကြီးဦးစီးမှူးနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြောင်းသိရသည်။
စိုးမိုးကျော်