Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ဘားအံမြို့နယ် ကမ်းကြီးကျေးရွာ၌ ကွန်ကရစ်လမ်းခင်းခြင်းဆောင်ရွက်ပြီးစီးမှု ကွင်းဆင်းစစ်ဆေး"

17 June 22

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၁-၂၀၂၂ ခု ဘဏ္ဍာနှစ် ခြောက်လတာ ကာလတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းထောက်ပံ့ရန်ပုံငွေ၊ ပြည်သူထည့်ဝင်ငွေတို့ဖြင့် မုက္ကဒိကျေးရွာအုပ်စု၊ ကမ်းကြီးကျေးရွာ၌ ကျေးရွာတွင်းကွန်ကရစ်လမ်းခင်းခြင်း အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို  ဇွန်လ ၁၄ ရက်နေ့ နေ့လည် ၃ နာရီအချိန်က ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်နှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်၊ကရင်ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးရန်မျိုးနိုင်၊ ခရိုင်နှင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန တာဝန်ရှိသူများက ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များနှင့်အတူ ကမ်းကြီးကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်းထောက်ပံ့ရန်ပုံငွေ၊ ပြည်သူထည့်ဝင်ငွေတို့ဖြင့် ကျေးရွာတွင်းကွန်ကရစ် လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှု စစ်ဆေးပြီး ကျေးရွာနေပြည်သူများနှင့် တွေ့ဆုံကာ ကျေးရွာသူကျေးရွာသားများအနေဖြင့် လမ်းရေရှည်တည် တံ့ခိုင်မြဲရေး ဝိုင်ဝန်းထိန်းသိမ်းကြရန် ဆွေးနွေးမှာကြားပါသည်။

အဆိုပါ ကမ်းကြီးကျေးရွာ ကျေးရွာတွင်းလမ်း အရှည် ၄၀၀၀ ပေ၊ အကျယ် ၁၂ ပေ၊ အမြင့် ခြောက်လက်မထု ကွန်ကရစ်ခင်းခြင်း လုပ်ငန်းကို  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း ၁၀၀ ၊ ကျေးရွာနေပြည်သူများထည့်ဝင်ငွေကျပ် ၃၃၀ သိန်း စုစုပေါင်းငွေကျပ် ၄၃၀ သိန်းဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများ၏ အနီးကပ်ကြီးကြပ်မှုဖြင့် ကျေးရွာသူကျေးရွာသားများကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။