စစ်ကိုင်း ဇွန် ၁၆
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူးပြီး ကလေးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၌ "အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံပန်းရံသင်တန်း"ဖွင့်ပွဲကို ဇွန်လ(၁၆)ရက်နေ့တွင် ကလေးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကိုဗစ်စည်းကမ်းချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ပထမဦးစွာ ကလေးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးငူလ်ဆွင်းခိုင် မှ အမှာစကားပြောကြားပြီး အဆိုပါသင်တန်းတွင် သင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်နှင့် သင်ကြားပေးသည့် ပညာရပ်များကို လက်တွေ့ အသုံးချ၍ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေလိုကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။
အဆိုပါ အခြေခံပန်းရံသင်တန်းသို့ ကလေးမြို့နယ်အတွင်းရှိ ကျေးရွာ(၃)ရွာမှ သင်တန်းသား(၂၀)ဦးတက်ရောက်ခဲပြီး သင်တန်းတွင် ၉ပေအုတ်ရိုးစီနည်း၊ နံကပ်စီနည်း၊ နံကပ်အချောကိုင်နည်း၊ ထမံသလင်းခင်းခြင်း၊ဘိလပ်မြေသရွတ် အချိုးအစားဖျော်စပ်နည်းများကို စာတွေ့လက်တွေ့ (၁၄)ရက်ကြာ အခမဲ့ဖွင့်လှစ်သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးငူလ်ဆွင်းခိုင် ထံမှ သိရှိရပါသည်။
ကိုမြတ်