Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

စလင်းမြို့နယ်ရှိ ကျေးရွာနှစ်ရွာ၌ မြစိမ်းရောင်စီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ် ၈၉ သန်းကျော် ထုတ်ချေး

16 June 22

စလင်း ဇွန် ၁၆

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ တပိုင်တနိုင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြားအသေးစားစီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရန် မြစိမ်းရောင်ကျေးရွာစီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေများ ထုတ်ချေးပေးခြင်းကို ဇွန် ၁၅ ရက်နေ့ မွန်းလွဲပိုင်းက မြို့နယ်ဦးစီးမှူး နှင့် ဝန်ထမ်းများက ကန်တော်ကျေးရွာနှင့် ပေါက်ကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပထမဦးစွာ ​စလင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးစိုးခိုင်က မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် ကျေးလက်နေပြည်သူများ တပိုင်တနိုင် အသေးစားစီးပွားရေးလုပ်ငန်းများဆောင်ရွက်ခြင်းဖြင့် ကျေးလက်ဒေသများတွင် ဆင်းရဲမှုလျော့ကျစေရန် အတိုးနှုန်းသက်သာစွာဖြင့် ထုတ်ချေးပေးခြင်းဖြစ်ကြောင်း၊ တိုးပွားလာသောအတိုးငွေများမှာလည်း မိမိတို့ကျေးရွာဖွံ့ဖြိုးရေးအတွက်သာဖြစ်သည့်အတွက် အတိုး/အရင်းများကို သတ်မှတ်ရက်အတွင်း ပြေကျေစွာ ပုံမှန်ပေးသွင်းကြစေလိုကြောင်း၊ ကျေးရွာစီမံကိန်းလုပ်ငန်းကော်မတီဝင်များကလည်း စာရင်းဇယားများကို စနစ်တကျဆောင်ရွက်ကြရန်လိုအပ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် စလင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ စီမံကိန်းတာဝန်ခံဝန်ထမ်းများက သက်ဆိုင်ရာ ကျေးရွာမြစိမ်းရောင်စီမံကိန်းလုပ်ငန်းကော်မတီဝင်များနှင့်အတူ ကန်တော်ကျေးရွာတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူ ၁၆၂ ဦးအတွက် ငွေကျပ် ၅၂ ဒသမ ၃ သန်းကို နဝမအကြိမ်မြောက်အဖြစ်လည်းကောင်း၊ ပေါက်ကုန်းကျေးရွာတွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ ၁၃၂ ဦးအတွက် ငွေကျပ် ၃၆ ဒသမ ၉ သန်းကို ပဉ္စမအကြိမ်မြောက်အဖြစ်လည်းကောင်း ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

မြစိမ်းရောင်ကျေးရွာစီမံကိန်းအား ကျေး လက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးပွားလာစေခြင်းဖြင့် ကျေးလက်ဒေသဆင်းရဲမှုနှုန်းကို လျော့ချနိုင်ရန်၊ တိုးပွားလာသော ရန်ပုံငွေများဖြင့် ကျေးရွာအတွက် အမှန်တကယ် လိုအပ်သော ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်၊ တုန့်ပြန်မှုအားကောင်းသော လူမှုအဖွဲ့အစည်းများ ပေါ်ပေါက်လာစေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း စလင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးစိုးခိုင်ထံမှ သိရသည်။

အထွေး