ပွင့်ဖြူ ဇွန် ၁၆
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကြီးမှူးပြီး မင်းဘူးခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် ပူးပေါင်း၍ ပွင့်ဖြူမြို့နယ်၊ သရက်အုပ်ကျေးရွာအုပ်စု၊ စံပြကျေးရွာ၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု"ဆပ်ပြာအမျိုးမျိုးပြုလုပ်နည်းသင်တန်း"ဖွင့်ပွဲအခမ်းအနားကို ဇွန် ၁၅ ရက်နေ့ နံနက် ၉ နာရီက အဆိုပါကျေးရွာ ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် ပွင့်ဖြူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအောင်မြတ်ခိုင်က အဖွင့်အမှာစကား ပြောကြားပြီး မင်းဘူးခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဦးစီးမှူး ဒေါ်ခင်စိုးစိုးစံက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးလှဌေးမောင်က ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း ရရှိစေရေးအတွက် အရင်းအနှီးနဲပါးပြီး ပြုလုပ်ရရိုးရှင်းသည့် ဆပ်ပြာအမျိုးမျိုးပြုလုပ်နည်းသင်တန်းကို ဖွင့်လှစ်သင်ကြားပေးရခြင်းဖြစ်ကြောင်း၊ သင်တန်းမှရရှိလာသည့် အသိပညာများကိုလည်းသင်တန်းသူသင်တန်းသားများမှ အကျိုးရှိရှိအသုံးချစေလိုကြောင်း၊ သင်တန်းကာလပြီးဆုံးသည့်တိုင် စိတ်ပါဝင်စားစွာ သင်ယူကြစေလိုကြောင်း၊ စံပြကျေးရွာတွင် မိမိတို့ဌာနမှ Smart Village စီမံကိန်းလည်း အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း ပြောကြားသည်။
ထို့နောက် သင်တန်းနည်းပြဆရာမက သင်တန်းတွင်သင်ကြားပို့ချမည့် ဘာသာရပ်များအားရှင်းလင်းပြောကြားသည်။
စံပြကျေးရွာ၌ ဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြုဆပ်ပြာအမျိုးမျိုးပြုလုပ်နည်းသင်တန်းကို ဇွန် ၁၅ ရက်နေ့မှ ၁၉ ရက်နေ့ထိ ၅ ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ပြီး စံပြကျေးရွာနှင့် ပတ်ဝန်းကျင်ရှိကျေးရွာများမှ သင်တန်းသူသင်တန်းသား ၂၀ ဦး တင်ရောက်ခဲ့ကြောင်း ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
အထွေး