စေတုတ္တရာ ဇွန် ၁၀
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက စလင်းမြို့နယ်၊ သနပ်ကုန်းကျေးရွာနေ ပြည်သူများ တပိုင်တနိုင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရန် မြစိမ်းရောင်ကျေးရွာစီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေ ထုတ်ချေးပေးခြင်းကို ဇွန် ၉ ရက်နေ့ မွန်းလွဲ တစ်နာရီက မြို့နယ်ဦးစီးမှူး နှင့် ဝန်ထမ်းများက အဆိုပါကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပထမဦးစွာ စလင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးစိုးခိုင်က မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် ကျေးလက်နေပြည်သူများ တပိုင်တနိုင် အသေးစားစီးပွားရေးလုပ်ငန်းများဆောင်ရွက်ခြင်းဖြင့် ကျေးလက်ဒေသများတွင် ဆင်းရဲမှုလျော့ကျစေရန် အတိုးနှုန်းသက်သာစွာဖြင့် ထုတ်ချေးပေးခြင်းဖြစ်ကြောင်း၊ တိုးပွားလာသောရန်ပုံငွေများဖြင့်ကျေးရွာအတွက်အမှန်တကယ်လိုအပ်သောဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နိုင်ကြောင်း၊ အဆိုပါ စီမံကိန်းရန်ပုံငွေများ မပျောက်ပျက်အောင် ကျေးရွာစီမံကိန်းလုပ်ငန်းကော်မတီဝင်များက စနစ်တကျထိန်းသိမ်းရန်နှင့် စာရင်းဇယားများ စနစ်တကျဆောင်ရွက်ကြရန်လိုအပ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် စလင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ စီမံကိန်းတာဝန်ခံဝန်ထမ်းများက သနပ်ကုန်းကျေးရွာမြစိမ်းရောင်စီမံကိန်းလုပ်ငန်းကော်မတီဝင်များနှင့်အတူ တက်ရောက်လာကြသော စီမံကိန်းဝင်အသင်းသူအသင်းသား ၂၃၆ ဦးအား မြစိမ်းရောင်ကျေးရွာစီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ် ၆၁ သန်းကို အဌမအကြိမ်မြောက် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
မြစိမ်းရောင်ကျေးရွာစီမံကိန်းအား ကျေး လက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးပွားလာစေခြင်းဖြင့် ကျေးလက်ဒေသဆင်းရဲမှုနှုန်းကို လျော့ချနိုင်ရန်၊ တိုးပွားလာသော ရန်ပုံငွေများဖြင့် ကျေးရွာအတွက် အမှန်တကယ် လိုအပ်သော ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်၊ တုန့်ပြန်မှုအားကောင်းသော လူမှုအဖွဲ့အစည်းများ ပေါ်ပေါက်လာစေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း စလင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးစိုးခိုင်ထံမှ သိရသည်။
အထွေး