ပွင့်ဖြူ ဇွန် ၉
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကြီးမှူးပြီး ပွင့်ဖြူမြို့နယ်၊ နဘဲကုန်းကျေးရွာအုပ်စု၊ ရေဖြူတွင်းကျေးရွာ၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု"အခြေခံစက်ချုပ်သင်တန်း"ဖွင့်ပွဲအခမ်းအနားကို ဇွန် ၈ ရက်နေ့ မွန်းလွဲ တစ်နာရီက အဆိုပါကျေးရွာ ဘုန်းတော်ကြီး ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် ပွင့်ဖြူမြို့နယ်စာရင်းစစ်အရာရှိ ဦးခင်ဇော်က အဖွင့်အမှာစကား ပြောကြားပြီး ပွင့်ဖြူမြို့နယ် ငါးလုပ်ငန်းဦးစီးဌာန ဦးစီးမှူ ဦးသိန်းကိုကိုထွန်းနှင့် ပွင့်ဖြူမြို့နယ် မြေစာရင်းဦးစီးဌာန ဦးစီးမှူး ဦးခင်ဇော်ဝင်း တို့က ထပ်ဆင့် အမှာစကားပြောကြားသည်။
ဆက်လက်၍ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးလှဌေးမောင်က ပွင့်ဖြူမြို့နယ်၊ ရေဖြူတွင်းကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများရှိ အမျိုးသမီးငယ်များ အလုပ်အကိုင်အခွင့်အလမ်း ရရှိစေရေးအတွက် အခြေခံစက်ချုပ်သင်တန်းကို ဖွင့်လှစ်သင်ကြားပေးရခြင်းဖြစ်ကြောင်း၊ သင်တန်းမှရရှိလာသည့် အသိပညာများကိုလည်းသင်တန်းသူများမှ အကျိုးရှိရှိအသုံးချစေလိုကြောင်း၊ သင်တန်းကာလပြီးဆုံးသည့်တိုင် စိတ်ပါဝင်စားစွာ သင်ယူကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် သင်တန်းနည်းပြဆရာမက သင်တန်းတွင်သင်ကြားပို့ချမည့် ဘာသာရပ်များအားရှင်းလင်းပြောကြားသည်။
ရေဖြူတွင်းကျေးရွာ၌ ဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြုအခြေခံစက်ချုပ်သင်တန်းကို တစ်လကြာ သင်ကြားပို့ချသွားမည်ဖြစ်ပြီး ရေဖြူတွင်းကျေးရွာနှင့် ပတ်ဝန်းကျင်ရှိကျေးရွာများမှ သင်တန်းသူ ၂၅ ဦး တင်ရောက်ခဲ့ကြောင်း ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
အထွေး