စလင်း ဇွန် ၂
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ ကျေးလက်နှင့်မြို့ပြ ကွာဟမှုကျဥ်းမြောင်းစေရေးအတွက် ကျေးလက်ဒေသများတွင် ကုန်ထုတ်လမ်းများနှင့် ကုန်ထုတ်တံတားများဆောင်ရွက်ပေးလျက်ရှိရာ ဇွန် ၁ ရက် နေ့ နံနက် ၁၀ နာရီက တာဝန်ရှိသူများက ကံကုန်းလေးကျေးရွာကုန်ထုတ်လမ်းပေါ်တွင် Slab Culvert တစ်စင်း လိုအပ်နေမှုအခြေအနေကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စလင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးစိုးခိုင်၊ စလင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ(နည်းပညာ) ဒေါ်စုစန္ဒာ နှင့် အင်ဂျင်နီယာများသည် ကံကုန်းလေးကျေးရွာကုန်ထုတ်လမ်းပေါ် တွင် Slab Culcert တစ်စင်း လိုအပ်နေမှုအခြေအနေအား ကံကုန်းလေးကျေးရွာကုန်ထုတ်လမ်း/တံတား ဖြစ်မြောက်ရေးကော်မတီဝင်များနှင့်အတူ လက်ရှိကုန်ထုတ်လမ်းပေါ်ရှိ ရေစီးရေလာရှိသောနေရာတွင် ရေဝင်ရေထွက်လမ်းကြောင်းအခြေအနေနှင့် မြေနေရာရရှိနိုင်မှုအခြေအနေများကို စနစ်တကျ တိုင်းတာခဲ့ကြောင်း သိရသည်။
ကံကုန်းလေးကျေးရွာကုန်ထုတ်လမ်းသည် ကံကုန်းလေးကျေးရွာနှင့် လယ်သာကျေးရွာရှိ လယ်ယာစိုက်ပျိုးရေးဧက ၈၀၀ တွင် စိုက်ပျိုးသော စပါး၊ ကြက်သွန်၊ ငရုပ်၊ ပဲမျိုးစုံနှင့် အခြားစိုက်ပျိုးသီးနှံများကို စျေးကွက်သို့ တင်ပို့ရာ၌ အဓိကအသုံးပြုနေသော ကုန်ထုတ်လမ်းဖြစ်သည့်အတွက် အဆိုပါလမ်းပေါ်ရှိချောင်းငယ်ရှိသောနေရာ၌ မိုးရာသီတွင် သွားလာရခက်ခဲသောကြောင့် Slab Culvert တစ်စင်း ဆောင်ရွက်ပေးပါက ဒေသထွက်ကုန်သီးနှံမျိုးစုံကို ရာသီမရွေးအဆင်ပြေလွယ်ကူစွာ တင်ပို့နိုင်မည်ဖြစ်ကြောင်း စလင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
အထွေး