စလင်း ဇွန် ၁
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကြီးမှူးပြီး စလင်းမြို့နယ်၊ အောက်လှိုင်းကျေးရွာအုပ်စု၊ အောက်လှိုင်းကျေးရွာ၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု"အခြေခံစက်ချုပ်သင်တန်း"ဆင်းပွဲအခမ်းအနားကို မေ ၃၁ ရက်နေ့ နံနက် ၉ နာရီက အဆိုပါကျေးရွာ စာသင်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ပထမဦးစွာ စလင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးစိုးခိုင်က စလင်းမြို့နယ်၊ အောက်လှိုင်းကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများရှိ အမျိုးသမီးငယ်များ အလုပ်အကိုင်အခွင့်အလမ်း ရရှိစေရေးအတွက် အခြေခံစက်ချုပ်သင်တန်းကို ဖွင့်လှစ်သင်ကြားပေးရခြင်းဖြစ်ကြောင်း၊ သင်တန်းမှရရှိလာသည့် အသိပညာများကိုလည်းသင်တန်းသူ/သားများမှ အကျိုးရှိရှိအသုံးချစေလိုကြောင်း၊ သင်တန်းကာလပြီးဆုံးပြီဖြစ်၍ လက်တွေ့အသုံးချကြစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ သင်တန်းသူ/သားများကိုယ်စား သင်တန်းသူတစ်ဦးမှ အမျိုးသမီးများအတွက် အခြေခံစက်ချုပ်သင်တန်းဖွင့်လှစ်ပေးသင်ကြားပေးသည့်အတွက် တာဝန်ရှိသူများကို များစွာကျေးဇူးတင်မိပါကြောင်း၊ သင်တန်းမှ တတ်မြောက်ခဲ့သော အခြေခံပညာရပ်များကိုအသုံးပြုပြီး အဆင့်မြင့်ပညာများကို လက်လှမ်းမီသလောက် ဆက်လက်သင်ယူပြီး မိမိတို့မိသားစု စားဝတ်နေရေးအတွက် လက်တွေ့ကျကျ အသုံးချသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
အောက်လှိုင်းကျေးရွာ၌ ဖွင့်လှစ်ခဲ့သည့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြုအခြေခံစက်ချုပ်သင်တန်းကို မေလ ၂ ရက်နေ့မှ ၃၁ ရက်နေ့ထိ ရက် ၃၀ ကြာ ဖွင့်လှစ်သင်ကြားခဲ့ပြီး အောက်လှိုင်းကျေးရွာ၊ ပိန္နဲပင်ကျေးရွာ၊ ပေါင်းဆည်ကျေးရွာ နှင့် ခြင်ထောင်ကျေးရွာတို့မှ သင်တန်းသူ ၃၀ ဦး တင်ရောက်သင်ယူခဲ့ကြောင်း စလင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
အထွေး