ချောက် မေ ၁၃
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ချောက်မြို့နယ်၊ ကြိတ်စုမြောက်ကျေးရွာရှိ အမျိုးသမီးများအတွက် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု"အခြေခံစက်ချုပ်သင်တန်း"ဖွင့်လှစ်သင်ကြားနေမှုနှင့် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို မေ ၁၂ ရက်နေ့ နံနက် ၉ နာရီက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မကွေးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးကျော်ဇောဟိန်း၊ ချောက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မေသက်နိုင် နှင့် တာဝန်ရှိသူများသည် ကြိတ်စုမြောက်ကျေးရွာ၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြုအခြေခံစက်ချုပ်သင်တန်းဖွင့်လှစ်သင်ကြားနေမှုနှင့် မြစိမ်းရောင်စီမံကိန်း လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေကို ကြည့်ရှုစစ်ဆေးပြီး ခရိုင်ဦးစီးမှူး က သင်တန်းသူများအား သင်တန်းကာလပြီးဆုံးသည့်တိုင် စိတ်ပါဝင်စားစွာ သင်ယူကြစေလိုကြောင်း၊ သင်တန်းကာလပြီးမြောက်ပါက လက်တွေ့အသုံးချကြစေလိုကြောင်း၊ မြစိမ်းရောင်စီမံကိန်းလုပ်ငန်းကော်မတီဝင်များအား မြစိမ်းရောင်စီမံကိန်း ရေရှည်တည်တံ့စေရန် အတိုး အရင်းများကို သတ်မှတ်ကာလအတွင်း ပုံမှန်ပေးသွင်းကြစေလိုကြောင်း ဆွေးနွေးမှာကြားသည်။
ကြိတ်စုမြောက်ကျေးရွာ၌ ဖွင့်လှစ်ထားသည့် အခြေခံစက်ချုပ်သင်တန်းကို မေလ ၂ ရက်နေ့မှ ၃၁ ရက်နေ့ထိ ရက် ၃၀ ကြာ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ပြီး ကြိတ်စုမြောက်ကျေးရွာ၊ ကြိတ်စုတောင်ကျေးရွာ၊ ဆူးရစ်ကန်ကျေးရွာ၊ မင်းကန်ကျေးရွာနှင့် ခပေါင်းတဲအရှေ့ကျေးရွာတို့မှ သင်တန်းသူ ၃၀ ဦး တင်ရောက်သင်ယူလျှက်ရှိကြောင်း သိရသည်။
ကြိတ်စုမြောက်ကျေးရွာတွင် မြစိမ်းရောင်းကျေးရွာစီမံကိန်းဖြင့် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ ၇၀ ဦး ငွေကျပ် ၂၈ သန်း နှင့် မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ ၈၆ ဦး ငွေကျပ် ၂၁ ဒသမ ၅ သန်း၊ စုစုပေါင်း အသင်းသား ၁၅၆ ဦး စုစုပေါင်းငွေကျပ် ၄၉ ဒသမ ၅ သန်း ထုတ်ချေးပေးထားကြောင်း ချောက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
အထွေး