ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ဖွံ့ဖြိုးရေးလုပ်ငန်းစီမံကိန်း (VDP) အကောင်အထည်ဖော် ဆောင်ရွက် ရန်အတွက် ကျေးရွာရွေးချယ်ပွဲကို မေ ၁၀ ရက် နံနက် ၉ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီး ဌာန၌ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ တာချီလိတ်မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဌ ဦးတင်ဦးကျော်က အမှာစကား ပြောကြားသည်။
ဆက်လက်၍ တာချီလိတ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်လဲ့လဲ့သင်းက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တာချီလိတ်မြို့နယ်အတွင်း ကျေးရွာဖွံ့ဖြိးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ကို ကျေးရွာ ၁၅ ရွာ တွင် အကောင်အထည်ဖော် ဆောင်ရွက်ရန် ခွင့်ပြုချက် ရရှိပြီး ဖြစ်ကြောင်း စီမံကိန်းကျေးရွာများ ရွေးချယ်ပေးရာတွင် အမှန်တကယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် လိုအပ်သည့် ကျေးရွာ များကို ဦးစားပေးရွေးချယ်စေလိုကြောင်း ရှင်းလင်းပြောကြားသည်။
ထိုနောက် တာချီလိတ်မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဌ ဦးတင်ဦးကျော်နှင့် အဖွဲ့ဝင်များ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက တာချီလိတ်မြို့နယ်အတွင်း ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း VDP အကောင်အထည်ဖော် ဆောင်ရွက်ရန် သတ်မှတ်စည်းကမ်းချက်များနှင့် ကိုက်ညီသည့် ကျေးရွာ ၁၅ ရွာကို အတည်ပြုရွေးချယ်ပေးခဲ့ကြောင်း သိရသည်။
ကျော်ဦး