Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

စံပြမြစိမ်းရောင်ကျေးရွာဆုချီးမြှင့်ခြင်းအခမ်းအနားနှင့် လုပ်ငန်းကြီးကြပ်မှုကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်

13 May 22

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက တိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကြီးကြပ်မှု ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် စံပြမြစိမ်းရောင်ကျေးရွာဆုချီးမြှင့်ခြင်းအခမ်းအနားကို မေလ ၁၂ရက်က အဆိုပါရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သတ်မှတ်အရည်အသွေးများ၊ အတိုင်းအတာများနှင့် ပြည့်မီအောင် ကြီးကြပ်ဆောင်ရွက်ကြရန် လိုအပ်မှာဖြစ်ပြီး မိမိဌာနအပြင် အခြားဌာနအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ဖို့လိုအပ် ကြောင်း၊ အသက်မွေးဝမ်းကျောင်းအထောက်အကူပြုသင်တန်းများ ဖွင့်လှစ်ရာတွင်လည်း ဒေသ၏ လိုအပ်ချက်များကို အထောက်အကူဖြစ်စေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိအောင် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းကြီးကြပ်မှု ကော်မတီဝင်များအနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ  တိုးတက် အောင်မြင်ရေးအတွက် ဝိုင်းဝန်းဆွေးနွေးအကြံပြုကြရန်၊ နိုင်ငံတော်မှ ခွင့်ပြုထားသည့် လုပ်ငန်း များအား စည်းမျဉ်း၊စည်းကမ်းများနှင့်အညီ ဆောင်ရွက်ကြရန်၊ အဂတိကင်းစွာဖြင့် စံချိန်စံညွှန်း များနှင့်အညီ ကြီးကြပ်ဆောင်ရွက်ကြရန်နှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများအား ပြည်သူနှင့်ပူးပေါင်းပြီး ကြီးကြပ်ဆောင်ရွက်သွားရန် ပြောကြားသည်။

          ထို့နောက် ပဲခူးတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးမျိုးအောင်က ၂၀၂၁-၂၀၂၂ခု (၆)လဘတ်ဂျတ်လုပ်ငန်း ဆောင်ရွက်မှုများနှင့် ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့်လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်း တင်ပြခဲ့ကြောင်း၊ စံပြမြစိမ်းရောင်အကောင်းဆုံးခရိုင်ဆုအဖြစ် ပြည်ခရိုင်အား လည်းကောင်း၊ အကောင်းဆုံးမြို့နယ်ဆုအဖြစ် နတ်တလင်းမြို့နယ်အားလည်းကောင်း၊ အကောင်းဆုံးကျေးရွာဆုအဖြစ် သနပ်ပင်မြို့နယ်၊ ဖရဲကျေးရွာတို့အားလည်းကောင်း ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဆုများအသီးသီးပေးအပ်ခဲ့ကြောင်းသိရသည်။

          ဆက်လက်၍ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် GISနှင့်အင်ဂျင်နီယာ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းဖွင့်လှစ်သင်ကြားနေမှုအား ကြည့်ရှုစစ်ဆေးပြီး သင်တန်းသား/ သူများအတွက် သီးခြားထောက်ပံ့ငွေကျပ် ၃၄၀၀၀၀/- ထောက်ပံ့ပေးအပ်ခဲ့ပြီး ကျေးလက်ဒေသ သောက်သုံးရေရရှိရေးဆိုင်ရာအထောက်အကူပြု စက်ပစ္စည်း၊ကိရိယာများခင်းကျင်းပြသထားရှိမှုနှင့် ရွေ့လျားရေသန့်စင် စက်မှရေသန့်စင်ထုတ်လုပ်နေမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။

          အဆိုပါအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ စီးပွားရေးရာဝန်ကြီး၊ လူမှုရေးရာဝန်ကြီး၊သယံဇာတရေးရာဝန်ကြီး၊လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ တိုင်းရင်းသားရေးရာ ဝန်ကြီး၊ဥပဒေချုပ်၊ ပဲခူးတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတိုင်းဒေသကြီး ဦးစီးမှူး၊ လုပ်ငန်းကြီးကြပ်မှုကော်မတီဝင် ၁၇ဦး၊ခရိုင်ဦးစီးမှူးများ၊မြို့နယ်ဦးစီမှူးများနှင့် ဖရဲ ကျေးရွာမှ ကျေးရွာကော်မတီဝင်တို့ တက်ရောက်ခဲ့ကြောင်းသိရသည်။