Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျောက်ကြီးမြို့နယ်၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြုအခြေခံစက်ချုပ်သင်တန်းဖွင့်လှစ်

12 May 22

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးက ကျေးလက်နေပြည်သူများ အသက်မွေးဝမ်းကျောင်းအထောက်အကူပြုစေရေးနှင့် အလုပ်အကိုင်အခွင့်အလမ်း ရရှိစေရန်ရည်ရွယ်၍ အခြေခံစက်ချုပ်သင်တန်း အခမ်းအနားကို မေလ ၁၁ ရက်က အဆိုပါဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ကျောက်ကြီးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဇော်လင်းထွန်းက သင်တန်းဖွင့် အမှာစကားပြောကြားပြီး ကျောက်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးမှူးဒေါ်သင်းသင်းရီက၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှစတင်၍ ယနေ့အချိန်ထိ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံအပ်ချုပ်စက်သင်တန်း ၁၅ ကြိမ်၊ သိုးမွှေးထိုး သင်တန်း ၂ကြိမ်၊ဆပ်ပြာချက်သင်တန်း ၄ကြိမ်၊အိမ်တွင်းမှုဖန်စီသင်တန်း ၁ကြိမ်၊ စိုက်ပျိုးရေး/ မွေးမြူးရေးသင်တန်း ၄ကြိမ်ဖွင့်လှစ်ပေးခဲ့ပြီးဖြစ်ကြောင်း၊ယခုလို သင်တန်းတွေဖွင့်လှစ်ပေးရခြင်း မှာကျေးလက်ဒေသတွင် နေထိုင်တဲ့အမျိုးသား၊အမျိုးသမီးငယ်လေးများ ကိုယ်ပိုင်ဝင်ငွေရှိစေဖို့နှင့် မိသားစုနှင့်အိုးမကွာအိမ်မကွာ နေထိုင်နေဖို့ ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်း များရရှိပြီး ဆင်းရဲမှုလျှော့ချနိုင်ဖို့၊ အမျိုးသမီးငယ်၊ အမျိုးသားငယ်လေးများလူကုန်ကူးမှုအန္တရာယ်မှ ကာကွယ်နိုင်ရေးနှင့် ကမ္ဘာကပ်ရောဂါ ကိုဗစ်-၁၉ရောဂါကြောင့် အလုပ်အကိုင်ရှားပါးနေချိန်မှာ မိမိတို့ဌာနမှ သင်ပေးလိုက်သည့် ပညာရပ်တွေနဲ့ အလုပ်အကိုင် များရရှိစေဖို့ ရည်ရွယ်ကြောင်း ပြောကြားပြီး        သင်တန်းဆရာမ ဒေါ်ခင်ယွန်းစံက သင်တန်းတွင် ပို့ချမည့်ဘာသာရပ်များ၊ သင်တန်း တက်ရောက်ရာတွင် လိုက်နာရမည့်စည်းကမ်းများကို ရှင်းလင်း ပြောကြားသည်။

အဆိုပါ အသက်မွေးဝမ်ကျောင်းအထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းကို သင်တန်းသူ ၂၅ဦးဖြင့် တစ်လတိတိ စာတွေ့၊လက်တွေ့ဖြင့် အခမဲ့သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းသို့ ကျောက်ကြီးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၊စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ် အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့်သင်တန်းသူများ တက်ရောက်ခဲ့ကြောင်းသိရသည်။