စေတုတ္တရာ မေ ၁၁
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ သန့်ရှင်းသောသောက်သုံးရေ ရရှိရေးအတွက် ရေရရှိရေးလုပ်ငန်းများကို နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်ပေးလျက်ရှိရာ အဆိုပါရေရရှိရေးလုပ်ငန်းများ ရေရှည်တည်တံ့စေရန်အတွက် ကျေးရွာရေရရှိရေးကော်မတီဝင်များအား "ရေရရှိရေးလုပ်ငန်းများပုံမှန်လည်ပတ်ရေး၊ ပြုပြင်ထိန်းသိမ်းရေးနှင့် ဘဏ္ဍာရေးစီမံခန့်ခွဲမှုသင်တန်း"ကို မေ ၁၀ ရက်နေ့ နံနက် ၉ နာရီက စေတုတ္တရာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ စေတုတ္တရာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးသိန်းဇော်ထွန်းက ကျေးရွာရေရရှိရေးကော်မတီဝင်များအနေဖြင့် ဆောင်ရွက်ပြီးရေရရှိရေးလုပ်ငန်းများအား ရေရှည်အသုံးပြုနိုင်ရေး၊ အသေးစားပြုပြင်ခြင်းလုပ်ငန်းများဆောင်ရွက်နိုင်ရန် သင့်တင့်လျောက်ပတ်သော ရေဖိုးရေခများကောက်ခံပြီး ကျေးရွာရေကော်မတီဝင်များက စနစ်တကျ စီမံခန့်ခွဲရေး၊ အမြင့်တင်ရေစင်ရှိပြီးကျေးရွာများတွင် အိမ်တိုင်ရာရောက် ရေမီတာသုံး ပိုက်လိုင်းရေပေးရေးစနစ်သို့ အဆင့်မြှင့်တင် ဆောင်ရွက်နိုင်ရေး ဆွေးနွေးမှာကြားသည်။
ဆက်လက်၍ စေတုတ္တရာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အငယ်တန်းအင်ဂျင်နီယာ(၂) ဦးမျိုးသန့်နိုင်က ကျေးရွာရေရရှိရေး ကော်မတီဝင်များအား ရေရရှိရေးလုပ်ငန်းလက်စွဲပါ စက်ရေတွင်း ပြုပြင်ထိန်းသိမ်းရေး နည်းစနစ်များ၊ စက်ရေတွင်းပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများဆောင်ရွက်ရာ၌ ကြုံတွေ့နိုင်သည့် အခက်အခဲများကို ဆွေးနွေးပြောကြားသည်။
ထို့နောက် စေတုတ္တရာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အငယ်တန်းအင်ဂျင်နီယာ(၂) ဦးအောင်ကိုလင်းက ရေဖိုးရေခကောက်ခံရာတွင် ဆောင်ရွက်ရန်အချက်များ၊ ရေကော်မတီများလိုက်နာရန်စည်းကမ်းချက်များနှင့် ရေသုံးစွဲသူများလိုက်နာရန် စည်းကမ်းချက်များကို ဆွေးနွေးပြောကြားပြီး ခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းသို့ ၂၀၂၁-၂၀၂၂ ခု (၆)လဘတ်ဂျက်တွင် ရေရရှိရေးလုပ်ငန်းဆောင်ရွက်ခဲ့သော မြောင်းဦးကျေးရွာ၊ အောင်းကျေးရွာ၊ ထန်းကိုင်းကျေးရွာ၊ ပေါက်ချောင်းကျေးရွာ၊ ဝန်လိုကျေးရွာ၊ သရက်ကျင်းကျေးရွာ၊ ခြစ်ပြစ်ကိုင်းကျေးရွာ နှင့် ပဇူကျေးရွာတို့မှ ရေကော်မတီဝင် ၁၆ ဦး တက်ရောက်ခဲ့ကြောင်း စေတုတ္တရာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
အထွေး