Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ရွှေတောင်မြို့နယ်၌ ပန်းရံသင်တန်းဖွင့်ပွဲကျင်းပ

09 May 22

ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ အသက်မွေးဝမ်းကျောင်းအထောက်အကူပြုစေရေးနှင့် အလုပ်အကိုင် အခွင့်အလမ်း ရရှိစေရန်ရည်ရွယ်၍ ပန်းရံသင်တန်းဖွင့်ပွဲ အခမ်းအနားကို မေလ ၈ ရက်က အဆိုပါဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ရွှေတောင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးသူက သင်တန်းဖွင့်အမှာစကားပြောကြားပြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဦးစီးမှူး ဦးအောင်ရွှေထွန်းက ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေးအတွက် ယခုကဲသို့ အသက်မွေးဝမ်းကျောင်း အထောက်အကူ ပြုသင်တန်းများဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ အသေးစားစက်မှုလက်မှုလုပ်ငန်း ရက်ကန်ကျောင်းမှ နည်းပြအရာရှိ ဦးအောင်သန်းက သင်တန်းတွင် ပို့ချမည့်ဘာသာရပ်များ၊ သင်တန်းတက်ရောက်ရာတွင် လိုက်နာ ရမည့်စည်းကမ်းများကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသော တာဝန်ရှိသူများက သင်ထောက်ကူပစ္စည်းများကို သင်တန်းသားများထံသို့ လွှဲပြောင်းပေးအပ်သည်။

အဆိုပါ အသက်မွေးဝမ်ကျောင်းအထောက်အကူပြု ပန်းရံသင်တန်းကို ပေါင်းတည်မြို့နယ် အတွင်းရှိ ကျေးရွာများမှ သင်တန်းသား ၂၀ဦးအား ၂၀ရက်ကြာ စာတွေ့၊လက်တွေ့ဖွင့်လှစ်သင်ကြား ပို့ချပေးသွားမည်ဖြစ်သည်။