ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ အသက်မွေးဝမ်းကျောင်းအထောက်အကူပြုစေရေးနှင့် အလုပ်အကိုင် အခွင့်အလမ်း ရရှိစေရန်ရည်ရွယ်၍ ပန်းရံသင်တန်းဖွင့်ပွဲ အခမ်းအနားကို မေလ ၅ ရက်က အဆိုပါဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပေါင်းတည်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးယုနိုင်လင်းက အမှာစကားပြောကြားပြီး အသက်မွေးဝမ်းကျောင်းသင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ သင်တန်းနည်းပြဆရာများက သင်တန်းတွင် ပို့ချမည့်ဘာသာရပ်များ၊ သင်တန်းတက်ရောက်ရာတွင် လိုက်နာရမည့်စည်းကမ်းများကို ရှင်းလင်းပြောကြားပြီး တက်ရောက် လာကြသောတာဝန်ရှိသူများက သင်ထောက်ကူပစ္စည်းများကို သင်တန်းသားများထံသို့ လွှဲပြောင်း ပေးအပ်သည်။
အဆိုပါ အသက်မွေးဝမ်ကျောင်းအထောက်အကူပြု ပန်းရံသင်တန်းကို ပေါင်းတည်မြို့နယ် အတွင်းရှိ ကျေးရွာများမှ သင်တန်းသား ၂၀ဦးအား ၂၀ရက်ကြာ စာတွေ့၊လက်တွေ့ဖွင့်လှစ်သင်ကြား ပို့ချပေးသွားမည်ဖြစ်သည်။