စလင်း မေ ၂၉
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ ကျေးလက်နှင့်မြို့ပြ ကွာဟမှုကျဥ်းမြောင်းစေရေးအတွက် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ဘက်ပေါင်းစုံမှ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ လက်ပကန်ကျေးရွာ၌ ကုန်ထုတ်လမ်းဆောင်ရွက်နိုင်ရေးအတွက် မေ ၂၈ ရက်နေ့ နံနက် ၁၀ နာရီက တာဝန်ရှိသူများက လိုအပ်နေသောကုန်ထုတ်လမ်းအား ကွင်းဆင်းတိုင်းတာခြင်းများ ဆောင်ရွက်ခဲ့သည်။
ထိုသို့ကွင်းဆင်တိုင်းတာရာတွင် စလင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးစိုးခိုင်၊ စလင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ(နည်းပညာ) ဒေါ်စုစန္ဒာ နှင့် အင်ဂျင်နီယာများသည် လက်ပကန်ကျေးရွာအုပ်ချုပ်ရေးမှူး၊ ကျေးရွာကုန်ထုတ်လမ်းဖြစ်မြောက်ရေးကော်မတီဝင်များနှင့်အတူ ကျေးရွာအတွက် လိုအပ်နေသော ကုန်ထုတ်လမ်း၏ လက်ရှိ လမ်းအရှည်၊ လမ်းအကျယ်နှင့် မြေပြင်အခြေအနေအရ တံတားနှင့် ရေပြွန်များ ဆောင်ရွက်ရန်လိုအပ်မှုအခြေအနေနှင့် လမ်းအူကြောင်းအခြေအနေများကို စနစ်တကျ တိုင်းတာပြီး လုပ်ငန်းမဆောင်ရွက်မီ အကြိုကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လက်ပကန်ကျေးရွာကုန်ထုတ်လမ်းသည် အဆိုပါကျေးရွာရှိ ဒေသခံတောင်သူများ အဓိကအားထားရာ လမ်းဖြစ်ပြီး လယ်ယာစိုက်ပျိုးရေး ဧကပေါင်း ၅၀၀ မှ ထွက်ရှိသော စပါး၊ ပဲမျိုးစုံနှင့်အခြားစိုက်ပျိုးသီးနှံများကို ရာသီမရွေးစျေးကွက်သို့အချိန်မီ သယ်ပို့နိုင်ရန် ဒေသခံတောင်သူများမှ ကုန်ထုတ်လမ်း ဆောင်ရွက်ပေးရန် တောင်းဆိုမှုကြောင့် အကြိုကွင်းဆင်းတိုင်းတာရခြင်းဖြစ်ကြောင်း စလင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
အထွေး