စလင်း မေ ၂၈
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကိုင်းကြီးကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းကော်မတီဖွဲ့စည်းခြင်းကို မေလ ၂၇ ရက်နေ့ နံနက် ၁၀ နာရီက မြို့နယ်ဦးစီးမှူး ဦးစိုးခိုင်နှင့် စီမံကိန်းတာဝန်ခံ ဝန်ထမ်းများက အဆိုပါကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကိုဗစ် ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ စလင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးခိုင်က မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် ကျေးလက်နေပြည်သူများ ဆင်းရဲမှုလျော့ကျစေရန်နှင့် တပိုင်တနိုင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြားအသေးစားစီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အရင်းမပျောက်လည်ပတ်ရန်ပုံငွေများကို မိမိတို့ဌာနမှ ထုတ်ချေးပေးလျက်ရှိရာ အဆိုပါ စီမံကိန်းရန်ပုံငွေများ မပျောက်ပျက်အောင် ထိန်းသိမ်းရန်နှင့် စာရင်းဇယားများ စနစ်တကျဆောင်ရွက်နိုင်ရန် ကျေးရွာ၏ စီမံကိန်းလုပ်ငန်းကော်မတီမှာ အလွန်အရေးပါကြောင်း၊ ကော်မတီဝင်များကို ကျေးရွာသူကျေးရွာသားများမှ အများသဘောဆန္ဒအလျောက် မဲစနစ်ဖြင့်ရွေးချယ်ပေးစေလိုကြောင်း၊ ရွေးချယ်တင်မြောက်ခံရသော ကော်မတီဝင်များကလည်း ကိုယ်ကျိုးမငဲ့ဘဲ ကျေးရွာအကျိုးကို အစဉ်ရှေးရှု၍ သမာသမတ်ကျကျ ဆောင်ရွက်ကြစေလိုကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် စလင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန စီမံကိန်းတာဝန်ခံဒုတိယဦးစီးမှူးဒေါ်ဆွေဇင်လှိုင် နှင့် ဝန်ထမ်းများက တက်ရောက်လာကြသော ကျေးရွာသူကျေးရွာသားများအား မဲစာရွက်များ စနစ်တကျဝေငှ၍ မြစိမ်းရောင်စီမံကိန်းလုပ်ငန်းကော်မတီဝင် သုံးဦးကို အများသဘောဆန္ဒအလျောက် မဲစနစ်ဖြင့် ရွေးချယ်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကိုင်းကြီးကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂၀၁၆-၂၀၁၇ ခု ဘဏ္ဍာရေးနှစ်က စတင်ဆောင်ရွက်ခဲ့ရာ ယခုဘဏ္ဍာရေးနှစ်တွင် စီမံကိန်းစက်ဝန်း ခြောက်နှစ်ပြည့်မြောက်ပြီးဖြစ်၍ ကော်မတီဝင် ၇ ဦး အသစ်တဖန် ပြန်လည်ရွေးချယ်ပေးရခြင်းဖြစ်ကြောင်း စလင်းမြို့နယ်ဦးစီးမှူး ဦးစိုးခိုင်ထံမှ သိရသည်။
စလင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကိုင်းကြီးကျေးရွာရှိ အိမ်ထောင်စု ၈၃ စုအတွက် မြစိမ်းရောင်ကျေးရွာစီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ် ၄၇ ဒသမ ၉၅ သန်းထုတ်ချေးပေးထားပြီး အဆိုပါစီမံကိန်းချေးငွေဖြင့် တပိုင်တနိုင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြားအသေးစားစီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်အတွက် ကိုင်းကြီးကျေးရွာသူကျေးရွာသားများ၏ မိသားစုစားဝတ်နေရေးကို တဖက်တလမ်းက အထောင်အကူပြုကြောင်း စလင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
အထွေး