ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ် တန်းလျားလေးကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် အခြေခံမော်တာအပ်ချုပ်စက်သင်တန်း (၁/၂၀၂၂)ကို မေ(၂၄) ရက် နံနက် ၉ နာရီက ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် တွံတေးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ယဉ်ယဉ်ဌေးက ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိ၍ မိသားစုဝင်ငွေ တိုးပွားစေရန် ရည်ရွယ်ပြီးဖွင့်လှစ်သော အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းဖြစ် သောကြောင့် သင်တန်းပြီးဆုံးသည့်အထိ စိတ်ဝင်စားစွာဖြင့် အပတ်တကုတ် ကြိုးစားသင်ယူကြစေလို ကြောင်း ၊ သင်တန်းမှ သင်ကြားတက်မြောက်ခဲ့သော အတတ်ပညာများကို စဉ်ဆက်မပြတ် ဆက်လက် လေ့ကျင့်ကာ လက်တွေ့နယ်ပယ်တွင် အကျိုးရှိစွာ အသုံးချစေလိုကြောင်း အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ သင်တန်းနည်းပြ ဒေါ်ကေသီထွန်းက သင်တန်းစည်းကမ်းများကို ရှင်းလင်း ပြောကြားပြီးနောက် သင်တန်းသူများအား သင်ထောက်ကူပစ္စည်းများ ပေးအပ်ခဲ့သည်။ အဆိုပါ သင်တန်းသို့ သင်တန်းသူ (၂၀) တက်ရောက်လျှက်ရှိပြီး သင်တန်းနည်းပြများက စာတွေ့လက်တွေ့ (၄၅)ရက်ကြာ သင်တန်းပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။