စလင်း မေ ၂၀
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ ကျေးလက်နှင့်မြို့ပြ ကွာဟမှုကျဥ်းမြောင်းစေရေးအတွက် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ဘက်ပေါင်းစုံမှ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ရုံးပင်ကန်ကျေးရွာ၌ ကုန်ထုတ်လမ်းဆောင်ရွက်နိုင်ရေးအတွက် ယနေ့ နံနက် ၈ နာရီက တာဝန်ရှိသူများက လိုအပ်နေသောကုန်ထုတ်လမ်းအား ကွင်းဆင်းတိုင်းတာခြင်းများ ဆောင်ရွက်ခဲ့သည်။
ထိုသို့ကွင်းဆင်တိုင်းတာရာတွင် စလင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးစိုးခိုင်၊ စလင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ(နည်းပညာ) ဒေါ်စုစန္ဒာ နှင့် အင်ဂျင်နီယာများသည် ရုံးပင်ကန်ကျေးရွာအုပ်ချုပ်ရေးမှူး၊ ကျေးရွာကုန်ထုတ်လမ်းဖြစ်မြောက်ရေးကော်မတီဝင်များနှင့်အတူ ကျေးရွာအတွက် လိုအပ်လျက်ရှိသော ကုန်ထုတ်လမ်း၏ လက်ရှိ လမ်းအရှည်၊ လမ်းအကျယ်နှင့် မြေပြင်အခြေအနေအရ တံတားနှင့် ရေပြွန်များ ဆောင်ရွက်ရန်လိုအပ်မှုအခြေအနေနှင့် လမ်းအူကြောင်းအခြေအနေများကို စနစ်တကျ တိုင်းတာပြီး လုပ်ငန်းမဆောင်ရွက်မီ အကြိုကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စလင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်တွင် စလင်းမြို့နယ်အတွင်း ကုန်ထုတ်လမ်း ၃ လမ်း၊ အရှည် ၄ မိုင် ၂ ဖာလုံ ဖောက်လုပ်သွားမည်ဖြစ်ပြီး အဆိုပါကုန်ထုတ်လမ်း ၃ လမ်း ဖောက်လုပ်ပြီးစီးပါက ကျေးရွာ ၇ ရွာရှိ အိမ်ခြေ ၃၆၈၇ အိမ်၊ လူ ၁၅၂၃၈ ဦး၊ လယ်ယာစိုက်ပျိုးရေး ဧကပေါင်း ၁၈၁၀ မှ ထွက်ရှိသော စပါး၊ ပဲမျိုးစုံနှင့်အခြားစိုက်ပျိုးသီးနှံများကို ရာသီမရွေးစျေးကွက်သို့အချိန်မီ သယ်ပို့နိုင်မည်ဖြစ်၍ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း စလင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
အထွေး