မကွေး မေလ ၁၇ ရက်
မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဝန်ထမ်းများ၏ စွမ်းဆောင်ရည် ယခင်ကထက် ပိုမို တိုးတက်လာစေရန်ရည်ရွယ်၍ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ ရုံးလုပ်ထုံးလုပ်နည်းသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီ အချိန်က မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးစိုးမောင်က မကွေးတိုင်းဒေသကြီးအတွင်းရှိ မိမိတို့ဝန်ထမ်းများအနေဖြင့် ရုံးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ယခင်ကထက်ပိုမို မှန်ကန်မြန်ဆန်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် သင်တန်းပြီးဆုံးပါက သင်တန်းတွင် ဖွင့်လှစ်ပို့ချခဲ့သည့် ဘာသာရပ်များကို စဉ်ဆက်မပြတ်ဆက်လက်လေ့လာပြီး ဌာနလုပ်ငန်းများ ပိုမိုအောင်မြင် စေရန် ဆောင်ရွက်စေလိုကြောင်း အဖွင့်အမှာစကားတွင် ထည့်သွင်းပြောကြားပါသည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသန်းထိုက်ဇော်က သင်တန်းတွင် ပို့ချမည့် ဘာသာရပ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကာ တက်ရောက်လာသော သင်တန်းသူ၊ သင်တန်းသားများမှ တစ်ဦးချင်း မိတ်ဆက်ကြပါသည်။
အဆိုပါသင်တန်းကို တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနများမှ ဝန်ထမ်း (၃၀)ဦးအား မေလ (၁၇)ရက်နေ့မှ (၂၃)ရက်နေ့အထိ (၇)ရက်ကြာ ဖွင့်လှစ်သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မယ်သင်း