စလင်း မေ ၁၇
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာနေပြည်သူများ၏ မိသားစုစားဝတ်နေရေးကို တဖက်တလမ်းမှ အထောက်အကူပြုစေရန် ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် တပိုင်တနိုင် စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် အခြားအသေးစားစီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို တာဝန်ရှိသူများက မေ ၁၆ ရက်နေ့ မွန်းလွဲတစ်နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့ကွင်းဆင်စစ်ဆေးရာတွင် စလင်းမြို့နယ်ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးစိုးခိုင်၊ စလင်းမြို့နယ်ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ(နည်းပညာ) ဒေါ်စုစန္ဒာ နှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများသည် အုတ်ဖိုကန်ကျေးရွာမြစိမ်းရောင်စီမံကိန်းလုပ်ငန်းကော်မတီဝင်များနှင့်အတူ မြစိမ်းရောင်ကျေးရွာ စီမံကိန်းဖြင့် တပိုင်တနိုင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ အရောင်းအဝယ်လုပ်ငန်းနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေကိုလည်းကောင်း၊ စီမံကိန်းချေးငွေဖြင့် အမှန်တကယ် လုပ်ငန်းဆောင်ရွက်မှု ရှိမရှိ အခြေအနေများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးမှူးက မြစိမ်းရောင်စီမံကိန်းလုပ်ငန်းကော်မတီဝင်များနှင့် စီမံကိန်းအသင်းဝင်ကျေးရွာသူကျေးရွာသားများအား မြစိမ်းရောင်စီမံကိန်း ရေရှည်တည်တံ့စေရန် အတိုးအရင်းများကို သတ်မှတ်ကာလအတွင်း ပုံမှန်ပေးသွင်းကြရန် မှာကြားခဲ့သည်။
ဆက်လက်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်းတာဝန်ခံဝန်ထမ်းများက စာရင်းဇယားများ စနစ်တကျ ဖြည့်သွင်းထားခြင်း ရှိမရှိ၊ ချေးငွေစာချုပ်ပါ လုပ်ငန်းအမျိုးအစားကိုက်ညီမှုရှိမရှိကို စစ်ဆေးသည်။
အုတ်ဖိုကန်ကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂၀၁၄-၂၀၁၅ ခုနှစ်က စတင်ဆောင်ရွက်ခဲ့ပြီး အဆိုပါစီမံကိန်းချေးငွေဖြင့် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ ၈၉ ဦး ငွေကျပ် ၁၉ ဒသမ ၇ သန်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၁၁၃ ဦး ငွေကျပ် ၂၉ ဒသမ ၄ သန်း၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ ၁၀ ဦး ငွေကျပ် ၂ ဒသမ ၂၅ သန်း၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်း လုပ်ကိုင်သူ ၄ ဦး ငွေကျပ် ၁ ဒသမ ၃၅ သန်း၊ စုစုပေါင်း ၂၁၆ ဦးအတွက် မြစိမ်းရောင်ကျေးရွာစီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ် ၅၂ ဒသမ ၇ သန်းကို ထုတ်ချေးပေးထားပြီး အရင်းဆပ်ကာလတစ်နှစ်၊ အတိုးဆပ်ကာလ တစ်လတစ်ကြိမ်၊ ငွေတစ်ရာကျပ်လျှင်အတိုးနှုန်း ပြားငါးဆယ်အား ကျေးရွာသူကျေးရွာသားများ၏ အများသဘောတူညီချက်ဖြင့် သတ်မှတ်ထားကြောင်း စလင်းမြို့နယ်ဦးစီးမှူး ဦးစိုးခိုင်ထံမှ သိရသည်။
အထွေး