ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဆောင်ရွက်သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ယမန်နေ့ နံနက်၉ နာရီက သမဝါယမနှင့်ကျေးလက် ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ဦးခန့်ဇော် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ သမဝါယမနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော် သည် တာဝန်ရှိသူများနှင့်အတူ လှည်းကူးမြို့နယ် မင်းကုန်းကျေးရွာအုပ်စု၊ ဂုံမင်းလျှိုကျေးရွာတွင် ၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ် ခြောက်လဘတ်ဂျတ် ပြည်ထောင်စုရန်ပုံငွေဖြင့် ဟန်သီရိဆောက်လုပ်ရေးကုမ္ပဏီ က တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ကျေးရွာကုန်ထုတ်လမ်း(ဂဝံမြေသား) လမ်းအရှည်ပေ ၃၆၀၀၊ အကျယ် ၁၂ပေ၊ ဒုကိုးလက်မခင်းခြင်း လုပ်ငန်းပြီးစီးမှုကို ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ရှင်းလင်းဆောင်တွင် ရန်ကုန်တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦး စီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး(နည်းပညာ) ဦးဝင်းမြင့်ဟန်၊ ခရိုင်ဦးစီးမှူး ဦးဘသိန်း၊ မြို့နယ်ဦးစီးမှူး ဒေါ်သန္တာစိုးနှင့် ကုမ္ပဏီတာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို တင်ပြကြပြီး အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်က လိုအပ်သည်များ မှာကြားဆောင်ရွက်ပေးသည်။