Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

စလင်းမြို့နယ် ပြတောက်ကျေးရွာ၌ မြစိမ်းရောင်စီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေ နဝမအကြိမ် ထုတ်ချေးပေး

25 April 22

စလင်းမြို့နယ် ပြတောက်ကျေးရွာ၌ မြစိမ်းရောင်စီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေ နဝမအကြိမ် ထုတ်ချေးပေး
*********************************
စလင်း ဧပြီ ၂၄

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ စလင်းမြို့နယ်၊ မကျီးကုန်းကျေးရွာနေ ပြည်သူများ တပိုင်တနိုင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အရောင်းအဝယ်လုပ်ငန်းများ လုပ်ကိုင်နိုင်ရန် မြစိမ်းရောင်ကျေးရွာစီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေ ထုတ်ချေးပေးခြင်းကို ဧပြီ ၂၃ ရက်နေ့ မွန်းလွဲ တစ်နာရီက စလင်းမြို့နယ်ဦးစီးမှူး နှင့် ဝန်ထမ်းများက အဆိုပါကျေးရွာ အုပ်ချုပ်ရေးရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပထမဦးစွာ စလင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးခိုင်က မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် ကျေးလက်နေပြည်သူများ တပိုင်တနိုင် စီးပွားရေးလုပ်ငန်းများဆောင်ရွက်နိုင်ပြီး ကျေးလက်ဒေသများတွင် ဆင်းရဲမှုလျော့ကျစေရန် အတိုးနှုန်းသက်သာစွာဖြင့် အရင်းမပျောက်လည်ပတ်ရန်ပုံငွေများကို ထုတ်ချေးပေးခြင်းဖြစ်ကြောင်း၊ အဆိုပါ စီမံကိန်းရန်ပုံငွေများ မပျောက်ပျက်အောင် ကျေးရွာစီမံကိန်းလုပ်ငန်းကော်မတီဝင်များက စနစ်တကျထိန်းသိမ်းရန်နှင့် စာရင်းဇယားများ စနစ်တကျဆောင်ရွက်ကြရန်လိုအပ်ကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ စလင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန စီမံကိန်းတာဝန်ခံ ဝန်ထမ်းများနှင့် ပြတောက်ကျေးရွာမြစိမ်းရောင်စီမံကိန်းလုပ်ငန်းကော်မတီဝင်များက ပြတောက်ကျေးရွာရှိ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၉၂ ဦး၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ ၈၈ ဦး၊ အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူ ၅ ဦး၊ စုစုပေါင်း စီမံကိန်းဝင်အသင်းသူအသင်းသား ၁၈၅ ဦးအား မြစိမ်းရောင်ကျေးရွာစီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ် ၆၇ ဒသမ ၅၅ သန်းကို နဝမအကြိမ်မြောက် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

စလင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ပြတောက်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂၀၁၄-၂၀၁၅ ခုနှစ်က စတင်၍ ငွေကျပ်သိန်းသုံးရာ မတည်ပေးခဲ့ပြီး အရင်းဆပ်ကာလ တစ်နှစ်၊ အတိုးဆပ်ကာလတစ်လတစ်ကြိမ်၊ ငွေတစ်ရာကျပ်လျှင် အတိုးနှုန်း တစ်ကျပ်အား ကျေးရွာသားများ၏ အများသဘောဆန္ဒဖြင့် သတ်မှတ်ထားကြောင်း သိရသည်။

မြစိမ်းရောင်ကျေးရွာစီမံကိန်းအား ကျေး လက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးပွားလာစေခြင်းဖြင့် ကျေးလက်ဒေသဆင်းရဲမှုနှုန်းကို လျော့ချနိုင်ရန်အတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း စလင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးခိုင်ထံမှ သိရသည်။

အထွေး