အောင်လံမြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းကျေးရွာရွေးချယ်ပွဲကျင်းပပြုလုပ်
အောင်လံ ဧပြီ ၂၃
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အောင်လံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြစိမ်းရောင်စီမံကိန်း ကျေးရွာရွေးချယ်ပွဲကို တာဝန်ရှိသူများအားဖိတ်ကြား၍ ဧပြီ ၂၂ ရက်နေ့ နံနက်ပိုင်း ၁၁း၀၀ နာရီက အောင်လံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် အောင်လံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြားပြီး အောင်လံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးအောင်ကြီးက မြစိမ်းရောင်စီမံကိန်း ကျေးရွာရွေးချယ်ရာတွင် အခြေခံရမည့်မူများ၊ မြစိမ်းရောင်ကျေးရွာစီမံကိန်းလက်စွဲစာအုပ်ပါ သတ်မှတ်ချက်များ၊ မြစိမ်းရောင်စီမံကိန်း ဆောင်ရွက်ခြင်းကြောင့် ရရှိလာသည့်အကျိုးကျေးဇူးများ၊ မြစိမ်းရောင်စီမံကိန်း ဆောင်ရွက်ရန် ဌာနမှသတ်မှတ်ချက်များနှင့် ကိုက်ညီသည့် ကျေးရွာများ၏ အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ အောင်လံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကြီးနှင့် တာဝန်ရှိသူများက အောင်လံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ အောင်လံမြို့နယ်စီမံခန့်ခွဲမှုကော်မတီဝင်များ၊ အောင်လံမြို့နယ်မြစိမ်းရောင်ကျေးရွာစီမံကိန်းကော်မတီအဖွဲ့တို့နှင့်အတူ ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း ဆောင်ရွက်ရန် ဌာနမှသတ်မှတ်ထားသော စည်းမျဥ်းစည်းကမ်းများနှင့်ကိုက်ညီသည့် ကျေးရွာ(၅)ရွာအား ဦးစီးပေးအစီအစဥ်အလိုက် ရွေးချယ်ခဲ့ကြောင်း အောင်လံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကြီးထံမှ သိရသည်။
ကိုလှိုင်(ကျေးလက်)