Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

တောင်သူများအတွက်စိုက်ပျိုးရေး၊ ​မွေးမြူရေး ဆိုင်ရာအသိပညာပေးသင်တန်းဖွင့်လှစ်

25 April 22

တောင်သူများအတွက်စိုက်ပျိုးရေး၊ ​မွေးမြူရေး ဆိုင်ရာအသိပညာပေးသင်တန်းဖွင့်လှစ်
**********************************
ပွင့်ဖြူ ဧပြီ ၂၃

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ ဆည်မုန်းကျေးရွာအုပ်စု၊ ဆည်မုန်းကျေးရွာတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကြီးမှူးပြီး ကျေးလက်နေတောင်သူများ အတွက် ''စိုက်ပျိုးရေး၊ ​မွေးမြူရေး ဆိုင်ရာအသိပညာပေးသင်တန်း"ဖွင့်ပွဲအခမ်းအနားကို ဧပြီ ၂၂ ရက်နေ့ နံနက် ၁၀ နာရီက အဆိုပါကျေးရွာစာသင်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပထမဦးစွာ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးလှဌေးမောင်က အဆိုပါသင်တန်းကို စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုနေသောပွင့်ဖြူ မြို့နယ်အတွင်းရှိ ကျေးလက်နေတောင်သူများအတွက် တဖက်တလှမ်းမှ အထောက်အကူပြုစေရန်၊ မြေမှန် မျိုးမှန် နည်းလမ်းမှန်မှန်ဖြင့် စိုက်ပျိုးလုပ်ကိုင်နိုင်ပါက သီးနှံအထွက်တိုးပြီး တောင်သူများ၏ ဝင်ငွေတိုးပွားလာစေရန် နှင့် မျိုးကောင်းမျိုးသန့်များကို ရွေးချယ်မွေးမြူပြီး နည်းလမ်းမှန်မှန်ဖြင့် ထိန်းသိမ်းစောင့်ရှောက်တတ်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ပြောကြားသည်။

အခမ်းအနားတွင် ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်အေးအေးမိုးနှင့် ပွင့်ဖြူမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါက်တာကြည်ပြာဝင်းရွှေတို့က ဒေသနှင့်ကိုက်ညီသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနည်းစနစ်များနှင့် သင်ကြားမည့် ဘာသာရပ်များအား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် သဘာဝမြေသြဇာပြုလုပ်နည်းနှင့် ကာကွယ်ဆေးထိုးနည်းပညာများအား စာတွေ့ လက်တွေ့ ဖြင့် ဧပြီ ၂၂ ရက်နေ့မှ မေလ ၅ ရက်နေ့အထိ ၁၅ ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ပြီး ဆည်မုန်းကျေးရွာမှ သင်တန်းသူ ၇ ဦး၊ သင်တန်းသား ၁၈ ဦး၊ စုစုပေါင်း ၂၅ ဦး တက်ရောက်ခဲ့ကြောင်း ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

အထွေး