မကွေး မေလ ၈ ရက်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ကို ၂၀၂၁-၂၀၂၂ခု (၆)လ ဘတ်ဂျက်တွင် မကွေးတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာ (၁၁၅)ရွာ၌ နိုင်ငံတော်မှ ရန်ပုံငွေကျပ် (၁၁၅၀)သန်း ထောက်ပံ့ကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
“ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းဆိုတာ ကျေးလက်နေပြည်သူများကိုယ်တိုင် ကျေးရွာရဲ့ ပကတိလိုအပ် ချက်တွေကို ဖော်ထုတ်ပြီး ဦးစားပေးအစီအစဉ်အလိုက် စီမံချက်များ ရေးဆွဲဖော်ထုတ်နိုင်စေပြီး အဲဒီ ရရှိလာတဲ့ ဦးစားပေးစီမံချက်တွေပေါ် အခြေခံ၍ နှစ်စဉ်ရန်ပုံငွေများ လျာထားပြီး စီမံချက်လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန်၊ ကျေးရွာများမှ ထွက်ပေါ်လာတဲ့ စီမံချက်လုပ်ငန်းများကို မြို့နယ်အဆင့် ဦးစီးဌာနအသီးသီး၏ ဖွံ့ဖြိုးရေးအစီအစဉ်တွေနဲ့ ချိတ်ဆက်ဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိတယ်”ဟု မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးစိုးမောင်ထံက သိရသည်။
မကွေးတိုင်းဒေသကြီးအတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းကို နိုင်ငံတော်ထောက်ပံ့ငွေ၊ ပြည်သူလူထုထည့်ဝင်ငွေတို့ဖြင့် ကျေးလက်မီးလင်းရေးလုပ်ငန်း၊ ကျေးရွာတွင်း လမ်းလုပ်ငန်းများ၊ သောက်သုံးရေ ရရှိရေးလုပ်ငန်း၊ စာသင်ကျောင်းဆောင် ဆောက်လုပ်ငန်းခြင်းလုပ်ငန်း၊ ဘက်စုံသုံး ခန်းမဆောင် ဆောက်လုပ်ခြင်း လုပ်ငန်း အစရှိသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရှိရပါသည်။
၂၀၂၁-၂၀၂၂ခု (၆)လဘတ်ဂျက်အတွင်း မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၂၀)မြို့နယ်မှ ကျေးရွာ (၁၁၉)ရွာ တွင် ကျေးရွာ (၁)ရွာလျှင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ထောက်ပံ့ရန်ပုံငွေကျပ်သိန်း (၁၀၀)စီ ထောက်ပံ့၍ ပြည်သူထည့်ဝင်ငွေများ ပါဝင်လျက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ အိမ်ခြေ (၂၁၉၇၂)၊ အိမ်ထောင်စုပေါင်း (၂၂၀၃၄)၊ လူဉီးရေ (၉၀၁၂၂)ဦးတို့အတွက် အကျိုးပြုပါကြောင်း သိရသည်။
မယ်သင်း