စလင်း မေ ၈
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ သန့်ရှင်းသောသောက်သုံးရေ ရရှိရေးအတွက် ရေရရှိရေးလုပ်ငန်းများကို နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်ပေးလျက်ရှိရာ အဆိုပါရေရရှိရေးလုပ်ငန်းများ ရေရှည်တည်တံ့စေရန်အတွက် ကျေးရွာရေရရှိရေးကော်မတီဝင်များအား "ရေရရှိရေးလုပ်ငန်းများပုံမှန်လည်ပတ်ရေး၊ ပြုပြင်ထိန်းသိမ်းရေးနှင့် ဘဏ္ဍာရေးစီမံခန့်ခွဲမှုသင်တန်း"ကို မေ ၇ ရက်နေ့ နံနက် ၁၀ နာရီက စလင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ စလင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးစိုးခိုင်က ကျေးရွာရေရရှိရေးကော်မတီဝင်များအနေဖြင့် ဆောင်ရွက်ပြီးရေရရှိရေးလုပ်ငန်းများအား ရေရှည်အသုံးပြုနိုင်ရေး၊ အသေးစားပြုပြင်ခြင်းလုပ်ငန်းများဆောင်ရွက်နိုင်ရန် သင့်တင့်လျောက်ပတ်သော ရေဖိုးရေခများကောက်ခံပြီး ကျေးရွာရေကော်မတီဝင်များက စနစ်တကျ စီမံခန့်ခွဲရေး၊ အမြင့်တင်ရေစင်ရှိပြီးကျေးရွာများတွင် အိမ်တိုင်ရာရောက် ရေမီတာသုံး ပိုက်လိုင်းရေပေးရေးစနစ်သို့ အဆင့်မြှင့်တင် ဆောင်ရွက်နိုင်ရေး ဆွေးနွေးမှာကြားသည်။
ဆက်လက်၍ စလင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ(နည်းပညာ) ဒေါ်စုစန္ဒာက ကျေးရွာရေရရှိရေး ကော်မတီဝင်များအား ရေရရှိရေးလုပ်ငန်းလက်စွဲပါ စက်ရေတွင်း ပြုပြင်ထိန်းသိမ်းရေး နည်းစနစ်များ၊ ရေဖိုးရေခကောက်ခံရာတွင် ဆောင်ရွက်ရန်အချက်များ၊ ရေကော်မတီများလိုက်နာရန်စည်းကမ်းချက်များနှင့် ရေသုံးစွဲသူများလိုက်နာရန် စည်ကမ်းချက်များကို ဆွေးနွေးပြောကြားပြီး ရေရရှိရေးလုပ်ငန်း လွှဲပြောင်းအပ်နှံခြင်းများကို စနစ်တကျဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းသို့ ၂၀၂၁-၂၀၂၂ ခု (၆)လဘတ်ဂျက်တွင် ရေရရှိရေးလုပ်ငန်းဆောင်ရွက်ခဲ့သော တညောင်ကျေးရွာ၊ ကြပ္ပါယ်ကျေးရွာ၊ မဲဇလီကွေ့ကျေးရွာ နှင့် ကံပြားကျေးရွာတို့မှ ရေကော်မတီဝင် ၈ ဦး တက်ရောက်ခဲ့ကြောင်း စလင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
အထွေး