သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ ဂွေးပင်ဇင်ကျေးရွာနေပြည်သူများ၏ မိသားစုစားဝတ်နေရေးကို တဖက်တလမ်းမှ အထောက်အကူပြုစေရန် ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် တပိုင်တနိုင် စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် အခြားအသေးစားစီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို တာဝန်ရှိသူများက ယနေ့ နံနက် ၈ နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့ကွင်းဆင်စစ်ဆေးရာတွင် စလင်းမြို့နယ်ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးစိုးခိုင်နှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများသည် ဂွေးပင်ဇင်ကျေးရွာမြစိမ်းရောင်စီမံကိန်းလုပ်ငန်းကော်မတီဝင်များနှင့်အတူ မြစိမ်းရောင်ကျေးရွာ စီမံကိန်းဖြင့် တပိုင်တနိုင် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးမှူးက မြစိမ်းရောင်စီမံကိန်းလုပ်ငန်းကော်မတီဝင်များနှင့် စီမံကိန်းအသင်းဝင်ကျေးရွာသူကျေးရွာသားများအား မြစိမ်းရောင်စီမံကိန်း ရေရှည်တည်တံ့ခိုင်မြဲစေရေး စည်းလုံးညီညွတ်စွာ ဝိုင်းဝန်းထိန်းသိမ်းကြရန် မှာကြားခဲ့သည်။
ဆက်လက်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်းတာဝန်ခံဝန်ထမ်းများက စာရင်းဇယားများ စနစ်တကျ ဖြည့်သွင်းထားခြင်း ရှိမရှိကို စစ်ဆေးသည်။
ဂွေးပင်ဇင်ကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂၀၁၅-၂၀၁၆ ခုဘဏ္ဍာရေးနှစ်က စတင်ဆောင်ရွက်ခဲ့ပြီး ကျေးရွာရှိ အိမ်ထောင်စု ၁၃၅ စုအတွက် မြစိမ်းရောင်ကျေးရွာစီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ် ၄၇ သန်းကို ငွေတစ်ရာကျပ်လျှင် အတိုးနှုန်း ပြားငါးဆယ်ဖြင့် ထုတ်ချေးပေးထားပြီး အရင်းဆပ်ကာလ တစ်နှစ်၊ အတိုးဆပ်ကာလ တစ်လတစ်ကြိမ်အဖြစ် ကျေးရွာသူ ကျေးရွာသားများ၏အများဆန္ဒဖြင့် ဆုံးဖြတ်ထားကြောင်း၊ အဆိုပါစီမံကိန်းချေးငွေဖြင့် တပိုင်တနိုင် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်အတွက် ကျေးရွာသူကျေးရွာသားများ၏ မိသားစုစားဝတ်နေရေးကို တဖက်တလမ်းက အထောင်အကူပြုကြောင်း စလင်းမြို့နယ်ဦးစီးမှူး ဦးစိုးခိုင်ထံမှ သိရသည်။
အထွေး