တောင်ကြီးမြို့နယ် ၊ ငိုမ္ဓူးကျေးရွာ၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လူသုံးကုန်ပစ္စည်းထုတ်လုပ်မှု နည်းပညာသင်တန်း (အခမဲ့)ဖွင့်လှစ်
==================================================================================================================
တောင်ကြီး မေလ ၅ ရက်
=====================
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ၊ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင် ၊ တောင်ကြီး မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေ ပြည်သူများ အလုပ်အကိုင်အခွင့် အလမ်းနှင့် မိသားစုဝင်ငွေတိုးပွါးလာစေရန်ရည် ရွယ်၍ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် ပူးပေါင်း ဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြုလူသုံးကုန်ပစ္စည်းထုတ်လုပ်မှု နည်းပညာ သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီက နောင်လေကျေးရွာအုပ်စု၊ ငိုမ္ဓူးကျေးရွာ ဘက်စုံသုံးခန်းမ၌ ကိုဗစ်စည်းကမ်းနှင့်အညီ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ရှမ်းပြည်နယ်(တောင်ပိုင်း) အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်မော်က အဖွင့်အမှာစကားပြောကြားပြီး တောင်ကြီးခရိုင် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး
ဦးသင်းမင်းလတ်က အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လူသုံးကုန်ပစ္စည်းထုတ်လုပ်မှုနည်းပညာ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ် ချက်များကို ရှင်းလင်းဆွေးနွေး ခဲ့သည်။
ဆက်လက်၍ သင်တန်းနည်းပြဆရာမများက သင်တန်းတွင် ပို့ချမည့်သင်ခန်းစာများကိုရှင်းလင်းပြောကြားကာ တက်ရောက်လာကြသော ညွှန့်ကြားရေးမှူး၊ ခရိုင်ဦးစီးမှူး များနှင့်တာဝန်ရှိသူ များက သင်ထောက်ကူပစ္စည်းများကို သင်တန်းသူများထံ အသီးသီးလွှဲပြောင်း ပေးအပ်ခဲ့သည်။
အဆိုပါ အသက်မွေးဝမ်းကျောင်းအထောက် အကူပြုသင်တန်းသို့ ပြည်နယ်ဦးစီးမှူး ၊ ခရိုင်ဦးစီးမှူးများ ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ နှင့် တောင်ကြီးမြို့နယ်အတွင်းရှိကျေးရွာများမှ သင်တန်းသူ (၂၃) ဦးတက် ရောက်ကြပြီး သင်တန်းတွင် ဆပ်ပြာရည်၊ ခေါင်းလျော်ရည်နှင့် လက်သန့်ဆေးရည် စသည့်လူသုံးကုန်ပစ္စည်းထုတ်လုပ်နည်းအမျိုးမျိုးကို ကျွမ်းကျင် ဆရာမနှစ်ဦးက စာတွေ့၊လက်တွေ့ (၆)ရက်ကြာအခမဲ့သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း တောင်ကြီး မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်နိူင်ဝင်းထံမှ သိရ သည်။