တာချီလိတ်ခရိုင် မြို့နယ် ၃ မြို့နယ်၌ ကျေးလက်ရေရရှိရေး လုပ်ငန်းများ ဆောင်ရွက်မည်
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် တာချီလိတ် မိုင်းဖြတ် မိုင်းယောင်း မြို့နယ် ၃ မြို့နယ်ရှိ ကျေးရွာ ခြောက်ရွာ၌ ပြည်ထောင်စုရန်ပုံငွေ ပြည်နယ်အစိုးရရန်ပုံငွေဖြင့် စိမ့်စိမ်းရေသွယ်တန်းခြင်းလုပ်ငန်း များနှင့် ဆက်စပ်လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း အဆိုပါ ဦးစီးဌာနမှ သိရသည်။
တာချီလိတ်ခရိုင်အတွင်း ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုရန်ပုံငွေ ပြည်နယ်အစိုးရ ရန်ပုံငွေ စုစုပေါင်း ငွေကျပ် ၄၀၆ ဒသမ ၁ သန်းဖြင့် တာချီလိတ်မြို့နယ်အတွင်းရှိ ဟိုရမ်း(၁)ကျေးရွာ နှင့် ဟွေဟောင်းကျေးရွာ၊ မိုင်းဖြတ်မြို့နယ် တာကျောက် ကျေးရွာနှင့် ဟာပီးပါကျေးရွာ၊ မိုင်းယောင်း မြို့နယ် ဝမ်ဒေကျေးရွာနှင့် ဖတ္တူကျေးရွာ ခြောက်ရွာ၌ စိမ့်စမ်းရေသွယ်တန်းခြင်း လုပ်ငန်း ခြောက်ခုနှင့် ဆက်စပ်လုပ်ငန်းများ ဖြစ်သည့် ရေစုကန်တည်ဆောက်ခြင်း ရေတားတံမံတည် ဆောက်ခြင်း လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း လက်ရှိ အချိန်တွင် လုပ်ငန်းများ အပ်နှံဆောင်ရွက်နိုင်ရေး တင်ဒါခေါ်ယူဆောင်ရွက်လျှက်ရှိကြောင်း တာချီလိတ်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတင့်လွင်ဦးက ပြောပြသည်။
အဆိုပါ ရေရရှိရေး လုပ်ငန်းအားလုံးဆောင်ရွက်ပြီးစီးပါက ကျေးရွာခြောက်ရွာရှိ အိမ်ခြေ ၂၁၈ အိမ်၊ လူဦးရေ ၁၂၂၆ ဦး နှင့် ကျွဲနွားတရိစ္ဆာန်တို့အတွက် ရာသီမရွေး သောက်သုံးရေများ ဖူလုံစွာ ရရှိနိုင်မည် ဖြစ်ကြောင်း သိရသည်။
သန်းလွင်(မကွေး)